Skip to main content

ပျက်စီးခြင်းအကြောင်းတရားကို သတိမူရှုမြင်

 
လက်ရှိအချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်ရှိပြည်သူများ စိုးရိမ်သောက ရောက်နေကြသည်။ ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးသောနိုင်ငံများအဖို့ ကပ်ရောဂါကို ရင်ဆိုင်နိုင်စွမ်းရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မဖွံ့ဖြိုးသောနိုင်ငံများတွင် ကပ်ရောဂါကို အလူးအလဲရင်ဆိုင်တွေ့ကြုံရုန်းကန်နေရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်ပြီး ကပ်ရောဂါဆိုးကို ပြည်သူများရော အစိုးရကပါ ရုန်းကန်လှုပ်ရှားရင်ဆိုင်နေကြသည်။
 
မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားအများဆုံးရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ရောဂါဘေးအန္တရာယ် အမျိုးမျိုးကို ရုန်းကန်ရင်ဆိုင်နေကြရပြီး နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ယနေ့မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ အခက်အခဲများသည် အခြားနိုင်ငံများထက် ပိုမိုလွန်ကဲပေလိမ့်မည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဆိုးနှင့် နောက်ဆက်တွဲအခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် မလွှဲမရှောင်သာဘဲ ရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံရေးအပြောင်း အလဲကြောင့် ပေါ်ပေါက်လာသည့် ပဋိပက္ခများနှင့် လည်း ကြုံတွေ့နေရသည်။
 
ပြည်သူများမှာ တစ်ပူပေါ်တစ်ပူဆင့်၍ စိုးရိမ်သောကများရောက်နေကြသည်။ ထိုအချိန်တွင် ကြုံတွေ့နေရသော ဘေးအန္တရာယ်အမျိုးမျိုးတို့ကို ယောနိသော မနသီကာရစိတ်ထားဖြင့် ဆင်ခြင်ပွားများပြီး အကောင်းဆုံး ဖြတ်သန်းကျော်လွှား ကြပါမှ ပြည်သူများဘဝ ငြိမ်းအေးချမ်းသာ ဘေးဘယာဝေးကွာမည်ဖြစ်သည်။ ဖြစ်ပေါ်လာရသော အကျိုးတရားများ သည် နောက်ခံအကြောင်းတရားများကြောင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်ပြီး ဖြစ်ပျက်ခဲ့သော အကြောင်းတရားများကို ကောင်းသောစိတ်ထားဖြင့် ဖြတ်သန်းလွန်မြောက်နိုင်အောင် အားထုတ်ရမည် ဖြစ်သည်။ ဖြစ်ပေါ်လာသောဆိုးကျိုးတရား၊ အဆိုးတရားဖြင့်ပင် ဆက်လက် ရင်ဆိုင်နေပါက အဆိုးသံသရာတွင် တဝဲလည်လည်ဖြင့် ခေါင်းမဖော်ဝံ့နိုင်အောင် ဖြစ်ကြရ ပေလိမ့်မည်။ ။
ယမန်နေ့က အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြမှုကို အကြောင်းပြု၍ ပြည်ပအခြေစိုက် မြန်မာလူမျိုးများ လုပ်ကိုင်နေသည့် ဘီဘီစီသတင်းဌာနက အသံလှိုင်းများကို ချက်ချင်း ထုတ်လွှင့်ခဲ့သည်။ ထိုသို့ဖြစ်ပေါ်ခဲ့သော အခြေအနေကို လေလှိုင်းပေါ်မှ NUGI AAPP တို့က မဟုတ်မမှန်ဝါဒဖြန့်လုပ်ကြံမှုများ ထုတ်လွှင့်လာကြသည်။ တစ်ဆက်တည်းတွင် အစွန်းရောက် များနှင့် ဖျက်လိုဖျက်ဆီးလုပ်လိုသူများက လူမှုကွန်ရက်စာမျက်နှာများပေါ်မှ တစ်ဆင့် သွေးထိုး လှုံ့ဆော်မှုများ၊ ဆူပူမှု ပိုမိုဖြစ်ပွားအောင် အချိန်းအချက်ပေး လုပ်ဆောင်မှုများ ပြုလုပ်လာကြ သည်။
 
လူမှုကွန်ရက်ပေါ်တွင် ဖျက်လိုဖျက်ဆီးဖြစ်စေလိုသော တစ်စုံတစ်ယောက်က အချိန်းအချက်ပေး လိုက်သည်နှင့် အသိမှန်အမြင်မှန်များ ဖုံးကွယ်ပြီး နိုင်ငံရေး အမှောင်လွှမ်းမိုးနေသည့် ပြည်သူအချို့က ထိုလူတစ်ယောက် အချက်ပေးလိုက်သည့်အတိုင်း လုပ်ဆောင်ကြသည် ကိုတွေ့ရသည်။ အမှန်အမှားမခွဲခြားဘဲ၊ လက်ရှိမိမိတို့ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဒုက္ခအခက်အခဲများကို သတိမထားဘဲ ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းပေါ်သို့ လိုက်ပါလာကြသည်။ ယနေ့ကမ္ဘာပေါ်၌ အဓမ္မဝါဒ လွှမ်းမိုးလာသောအခါတွင် ဓမ္မဝါဒ အားနည်းလာသည်ကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ မိမိတို့သည် ကောင်းသောအကျင့်တရား၊ ကိုယ်ကျင့် သီလများပျက်ပြားလာသောကြောင့်လောကဓံအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေကြ ရသည်။ သဘာဝတရားကြီးသည် သူ၏နိယာမတရားအတိုင်း လုပ်ဆောင်တော့မည်ဖြစ်၍ ဘဝသံသရာတွင် ကြောက်မက်ဖွယ်ရာများ ကြုံတွေ့နေရသည်။
 
ပုထုဇဉ်လူသားတို့သည် သံသရာတစ်လျှောက်တွင် ဖြစ်ပေါ်လာသောအကြောင်း တရားတို့ကို အကြောင်းပြု၍ လောဘ၊ ဒေါသ၊ မောဟတရားများ ပေါ်ပေါက်လာခဲ့ သည်။ လောဘ၊ ဒေါသ၊ မောဟတရားများသည် လူတိုင်းတွင် အနည်းနှင့်အများရှိကြသည်။ ယင်းသည် ကောင်းသည့် လက္ခဏာတော့မဟုတ်ပေ။ လူအများ အကုသိုလ်အားကြီးလာလျှင် အမှားကိုအမှန်ထင်ပြီး ပြောင်းပြန်မြင်လာတတ်ကြသည်။ ယင်းသည် ပျက်စီးခြင်းအကြောင်းတရားဖြစ်သည်။ ဘုရားရှင်၏ အဆုံးအမသည် မိမိကိုယ်သာကိုးကွယ်ရာ၊ မိမိကိုယ်သာအားထားရာဖြစ်သည်။ ထိုသို့ကိုးကွယ် အားထားနိုင်ရန်အတွက် မိမိတို့ပြုလုပ်သော အမှုသည်မှန်၏။ မမှန်၏ မိမိတို့ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာ စိစစ်ကြည့်မှသာရမည်ဖြစ်သည်။ ။
 
အကြောင်းတစ်ခုခုကို အကြောင်းပြု၍ လူတစ်ယောက်၊ တစ်စုတစ်ဖွဲ့မှတစ်တိုင်း ပြည်လုံး ပျက်စီးရာပျက်စီးကြောင်း အားထုတ်ကြံစည်နေကြသူများသည် အကုသိုလ် အမှုများကို ပြုလုပ်နေကြသူများဖြစ်သည်။ ထိုသူတို့ အကုသိုလ်ပြုနိုင်အောင် အထောက်အပံ့ ကောင်းများ ရှိနေ၍ တစိုက်မတ်မတ် ပြုနေကြသည်။ ထိုသူတို့သည် တိုင်းပြည်ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် ပြည်သူများအား အကုသိုလ်တွင်းသို့ ဆွဲချနေသူများဖြစ်သည်။ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများ၊ ဟုတ်မှန်သော်လည်း ပုံကြီးချဲ့ကာ ပိုမိုဆိုးရွားလာအောင် ဖန်တီးနေသူများသည် တိုင်းပြည်မပျက်စီးမချင်း၊ တိုင်းပြည်မပြိုကွဲမချင်း အစဉ်အဆက် လုပ်ကိုင်လာကြသူများဖြစ်သည်။ ။
 
သို့ဖြစ်ရာ ပြည်သူများအနေဖြင့်လက်ရှိကြုံတွေ့နေရသော ဒုက္ခအခက်အခဲများကို မိမိတို့၏ ကောင်းသော မနသီကာရစိတ်ထားဖြင့် ကျော်လွှားကြရမည်ဖြစ်ရာ မိမိတို့ကို ဒုက္ခတွင်းထဲသို့ ဆွဲချနေသော ပျက်စီးခြင်းအကြောင်းတရားများကို သတိမူရှုမြင်ဆင်ခြင်ကြရမည် ဖြစ်ပါ ကြောင်း။ ။