Skip to main content

စိုးရိမ်ပူပန်နေသော အောက်ဆီဂျင်ကိုသတိမူ

ယခုအခါတွင် ပြည်သူလူထုကြားတွင် အောက်ဆီဂျင်လိုအပ်မှုများ အထူးမြင့်မား နေရာ အောက်ဆီဂျင်ရနိုင်သောနေရာများတွင် ပြည်သူများ ကြိတ်ကြိတ်တိုးဝှေ့ ဝယ်ယူနေကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များ ဖြစ်ပေါ် နေသဖြင့် ထိုလိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်ပိုင် အောက်ဆီဂျင်စက်ရုံများ၊ ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံ များတွင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

 

ထို့အပြင် ပြည်သူလူထုအတွင်းမှ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်း ငွေဖြင့် လည်းကောင်း၊ နိုင်ငံတော်နှင့်အဖွဲ့ အစည်းများက လှူဒါန်းငွေများဖြင့်လည်း ကောင်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း လျက်ရှိရာ အောက်ဆီဂျင်စက်များ အဆက်မပြတ်ရောက်ရှိနေပြီး လိုအပ်သော ပြည်သူများအား ဖြန့်ဝေ ပေးနေသည်ကိုတွေ့ရသည်။ ပြည်သူလူထုကြားတွင် အောက်ဆီဂျင်လိုအပ်မှု မြင့်မား လျက်ရှိသောကြောင့် မြို့နယ်ရပ်ကွက်များတွင်လည်း ပုဂ္ဂလိကဆိုင်ငယ်များ၌ အောက်ဆီဂျင် များ ရောင်းချပေးလျက်ရှိရာ အောက်ဆီဂျင် ဓာတ်ငွေ့နှင့်အတူ အောက်ဆီဂျင်အိုး လိုအပ်မှုများပါ မြင့်တက်လာသည်ကို တွေ့ရသည်။ ယင်းကိုအကြောင်းပြု၍ အောက်ဆီဂျင် အမှန်တကယ်လိုအပ်သူရော ဆရာဝန်၏ညွှန်ကြားမှုမရှိဘဲ မိမိအစီအစဉ်ဖြင့် လိုအပ်သူများပါ တိုးပွားလာသည်ကို တွေ့ရသည်။

 

ထိုအခါမိမိတို့၏ အသက်အန္တရာယ် မထိခိုက်စေရေးနှင့် ဝိသမလောဘသားတို့၏ အန္တရာယ် ကိုပါ အထူးသတိပြုရမည်ဖြစ်သည်။ ပြည်သူလူထုကြားတွင် အောက်ဆီ ဂျင်လိုအပ်မှု မြင့်မား လာသောအခါ အောက်ဆီဂျင်အိုးပြဿနာများ ပေါ်ပေါက် လာသည်။ အောက်ဆီဂျင်အတွက် အောက်ဆီဂျင်အိုးသီးသန့်ဖြင့် မလုံလောက်သောအခါ အခြားဓာတ်ငွေ့ အိုးများကိုပါ ပြုပြင်ပြောင်းလဲသန့်စင်ပြီးနောက် အသုံးချလာကြသည်ကိုတွေ့ရသည်။ အောက်ဆီဂျင် လိုအပ်နေသောသူများသည် အိုးအလွတ်ရလိုဇောဖြင့် ပြုပြင်ထားသောအခြားအိုးများကို အသုံးပြုမိသောအခါအောက်ဆီဂျင်ရှူရှိုက်ရသောလူနာများအဖို့ ဘေးထွက်ဆိုးကျိုးများ ပေါ်ထွက်လာသည့်အပြင် အသက်သေဆုံးမှုများပါ ဖြစ်ပေါ်လာသည်ဟု ကြားသိနေရသည်။

အောက်ဆီဂျင်ဟူသည် လူတို့အသက်ရှင်သန်ရေးအတွက် အလွန်နူးညံ့သော သန့်စင်သည့် လေလွှာတစ်မျိုးဖြစ်သည်။ အမှန်တကယ်တွင် လေထုထဲတွင် သန့်စင်သည့်အောက်ဆီဂျင် များရှိပြီး ဖြစ်သော်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးမျိုးကြောင့် ဖန်တီးထုတ်လုပ်ထားသော အောက်ဆီဂျင်ကို ရယူအသုံးပြုရခြင်းဖြစ်သည်။ အခြားဓာတ်ငွေ့ အိုးများကို သန့်စင်ထားသည်ဆိုရာ၌ အချဉ်အိုးကို မည်သို့ပင်သန့်စင်သော်လည်း အချဉ် မပျောက်သကဲ့သို့ သန့်စင်သောအောက်ဆီဂျင်များမှာ ပျက်စီးပြီး မသန့်စင်သောလေများ လူတို့၏ အသက်ရှူ လမ်းကြောင်းနှင့် အဆုတ်အတွင်း ရောက်ရှိပြီးနောက် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

လူတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကြောင့်ဖြစ်စေ၊ ရောဂါ သံသယကြောင့်ဖြစ်စေ၊ အခြားရောဂါများနှင့် ကိုယ်ခံအားနည်းမှုကြောင့်ဖြစ်စေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကိုအကြောင်းပြု၍ စိုးရိမ်ပူပန်မှုကြောင့်ဖြစ်စေ၊ အကြောင်းတစ်မျိုးမျိုးကြောင့် အမှန် တကယ်လိုအပ်မှုသာမက မလိုအပ်ဘဲ လိုအပ်နေသည်ဟု ထင်မြင်ယူဆကြသည့် စိုးရိမ် ပူပန်မှုများ ဖြစ်လာကြသည်။ ထို့ကြောင့် အောက်ဆီဂျင်လိုအပ်မှုများ လိုသည်ထက် ပိုမိုလိုအပ်မှု မြင့်တက်လာပြီး မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ၊ ပြဿနာများ ဖြစ်ပွားလာသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် အောက်ဆီဂျင်အကူရှူသွင်းပေးမှုကို ကျန်းမာရေး ဆိုင်ရာ ဆရာဝန်၊ ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုဖြင့်သာ လုပ်ဆောင်သင့်ပေ သည်။

 

ယခုအခါတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက လိုအပ်နေသော အောက်ဆီဂျင်လိုအပ်ချက်ကို နိုင်ငံတော်၊ တပ်မတော်၊ ပုဂ္ဂလိကကဏ္ဍ များတွင် အရေးပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး ရောဂါအမှန် တကယ်ဖြစ်ပွား၍ အသက်ရှူရန်အခက်အခဲဖြစ်နေသော လူနာများအတွက် ဆေးရုံများတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနေပြီဖြစ်သည်။ အကယ်၍ လူတစ်ဦး တစ်ယောက် အသက်ရှူမဝဘဲ အောက်ဆီဂျင်ကျသည့်လက္ခဏာဖြစ်ပေါ်နေပါက ကျန်းမာရေးပညာရှင်များ လမ်းညွှန်ထား သည့် အရေးပေါ်အသက်ရှူနိုင်ရေး လုပ်ငန်းစဉ်များကို ပြုလုပ်ကြပြီး နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်ကာ လမ်းညွှန်မှုကို ခံယူသင့်ပါသည်။

 

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေသော ကာလတွင် ကျန်းမာရေးဆိုင်ရာ ရှောင်ရန်/ဆောင်ရန် အချက်အလက်များကို အလေးထားလိုက်နာကာ ရောဂါကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ ရောဂါထက် ပိုမိုစိုးရိမ် ပူပန်ဖွယ်ဖြစ်နေသော အောက်ဆီဂျင်ပြဿနာကို သတိထားဆင်ခြင်၍ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ လမ်းညွှန်မှုနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။