Skip to main content

သိစေ၊ ကြာစေ ညွှန်းသက်သေ

ယမန်နေ့မှအဆက်
 
ဖမ်းဆီးရမိ ဖြစ်စဉ်အချို့
 
ဒီလိုဆောင်ရွက်ချက်တွေအနက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ တိုင်းရင်း သားလက်နက်ကိုင်တွေ ကြီးစိုးနေတဲ့နေရာဒေသ တွေကနေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တချို့ကို ကောက်နုတ် ဖော်ပြလိုပါတယ်။
 
၂၀၂၁ ခုနှစ် ဧပြီလက ရှမ်းပြည်နယ် မိုးနဲမြို့ကနေ မြဝတီမြို့ကို သယ်ဆောင်လာတဲ့ WY ဆေးပြား ၇၆၀၀၀၀၀ ၊ ကာလတန်ဖိုး ငွေကျပ် ၁၁ ဒသမ ၄ ဘီလီယံခန့်ကို တောင်ငူမြို့ (၇) မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။
၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့မှာလည်း ရှမ်းပြည်နယ် ကျောက်တလုံးမြို့နယ်ကနေ ကြက်သွန် ဖြူ၊ နီ၊ လက်ဖက်ခြောက်အိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်း (ကာလတန်ဖိုးငွေကျပ် ၁၀ ဒသမ ၃၅ ဘီလီယံ ခန့်)ကို သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
 
နောက်တစ်ခုက ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်မှာ ဘိန်းဖြူ ဘလောက်တုံး ၁၅၅၄ တုံး (၈၉၃ ဒသမ ၉ ကီလို ဂရမ်)၊ ဘိန်းဖြူ ၆၅ဝ ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈ ဒသမ ၃၂ သိန်း၊ အိုက်စ် ၁ ဒသမ ၆ ကီလို ဂရမ် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၄ ဒသမ ၃၆ ဘီလီယံခန့်ကို လက်နက်ငယ်တချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
 
ဇွန်လ ၁၈ ရက်နေ့မှာလည်း အိုက်စ် ၁၇၁၀ ကီလိုခန့်၊ ကာလတန်ဖိုးငွေကျပ် ၃၄ ဒသမ၂ ဘီလီယံခန့်နဲ့ လက်နက်ငယ်တချို့ကို တာချီလိတ်-ကျိုင်းတုံ သွားကားလမ်း တာကျောက် ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဒီမူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့ DUMP TRUCK (4x2) ယာဉ် ဝယ်ယူဖို့အတွက် “ဝ” တပ်ဖွဲ့ဝင် အိုက်ဆန်းဆိုသူက ငွေကြေး ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ကျိုင်းတုံမြို့နဲ့ ၁၃ မိုင်ကျော် အကွာကနေ သယ်ယူခဲ့ကြ တာပါ။
 
ဇွန်လ ၂၀ ရက်နေ့မှာပဲ QING SHAN စာတန်းပါ အိုက်စ်ကီလိုဂရမ် ၁၅၈၀။ ကာလတန်ဖိုး ငွေကျပ် ၃၉ ဒသမ ၅ ဘီလီယံခန့်ကို ကျိုက်ထိုမြို့ မရမ်းချောင်ကျေးရွာနဲ့ အင်္ဂပူကျေးရွာကြားမှာ ဖမ်းဆီးရမိခဲ့တာရှိပါသေးတယ်။
၂၀၂၁ ခုနှစ် ဇွန်လ ၂၇ ရက်က စစ်ရေယာဉ် (ဘုရင့်နောင်)ဟာ မြန်မာ-အိန္ဒိယ ရေပိုင်နက် နယ်နိမိတ်မျဉ်းအနီးမှာ သုခစံအမည်ရှိ မူးယစ် ၊ ဆေးဝါးသယ်လှေပေါ်မှ GUAN YIN WANG နှင့် Refined Chinese Tea 00:0138086034 ထုပ်ပိုးထားတဲ့ မူးယစ်ဆေးဝါး (ICE) တစ်ကီလိုဂရမ် ခန့်ပါ အထုပ် ၁၅၀၀ (၁၅၀၀ ကီလိုဂရမ်)၊ ကာလတန်ဖိုးငွေကျပ် ၃၇ ဒသမ ၅ ဘီလီယံခန့်နဲ့ အတူ တရားခံခုနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
 
ဒီလိုဖမ်းဆီးရမိမှုတွေကို ကြည့်မယ်ဆိုရင်ပဲ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှုတွေက တိုင်းရင်းသား ဒေသတွေကနေလာတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့ နေရာမှာ ထုတ်လုပ်နေကြတယ်ဆိုတာ သိရှိနိုင်ပါတယ်။ အမှန်တကယ်တော့ မူးယစ်ဆေးဝါး အန္တရာယ်ဟာ မြန်မာနိုင်ငံတစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်မဟုတ်ဘဲ လူသားမျိုးနွယ် တစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တာကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ တာဝန်သိသိ သစ္စာရှိရှိ ရှေ့တန်းကျကျ ထိုးစစ်ဆင် တိုက်ပွဲဝင်နေခြင်းဖြစ် ပါတယ်။
 
မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ
 
မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကမ္ဘာ့လူသား အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံ အားလုံးက ပူးပေါင်းပြီးတိုက်ဖျက်ဖို့လိုအပ်တာ ပကတိအမှန်တရား ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၇၆ ခုနှစ်ကနေစပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါး အလွဲသုံးမှုဆိုင်ရာ ရန်ပုံငွေရုံး(United Nations Fund for Drug Abuse Control- UNFDAC)ကို ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ စီမံကိန်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ရန်ပုံငွေရုံး (Central Committee for Drugs Abuse Control-CCDAC) တို့နဲ့ ပူးပေါင်းဆောင်ရွက် ခဲ့ကြပါတယ်။ UNODC နဲ့လည်း ၁၉၉၄ ခုနှစ်မှစတင်ပြီး “ဝ”ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
 
CCDAC နဲ့ UNODC တို့ ပူးပေါင်းကာ ၂၀၀၁ ခုနှစ်ကနေစတင်ပြီး နှစ်စဉ်ဘိန်းစိုက်ပျိုးမှုအစီရင်ခံ စာကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မူးယစ်ဆေးဝါး သုံးစွဲမှု စစ်တမ်းကောက် ယူခြင်း(Drug User Survey) ကို တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ လူမှုစီးပွားစစ်တမ်းကောက် ယူခြင်း( Socio-economic Survey) ကို CCDAC နှင့် UNODC တို့ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါတယ်။ UNODC အနေနဲ့ နည်းပညာအပါအဝင် ငွေကြေးအကူညီတွေလည်း ပံ့ပိုးပေးခဲ့ ပါတယ်။
 
အမေရိကန်၊ ရုရှား၊ ကိုရီးယားနိုင်ငံတို့နဲ့ နှစ်နိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်တွေ ချုပ်ဆိုထား ပြီးဖြစ်တဲ့အပြင် ဒေသတွင်းအာဆီယံ နိုင်ငံတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
 
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း မူးယစ် ဆေးဝါးထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အာဆီယံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံမူးယစ်ဆေးဝါး ထိန်းချုပ် ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံ လေကြောင်း ကြားဖြတ် စစ်ဆေးရေးတပ်ဖွဲ့ အစည်းအဝေး၊ အာဆီယံပင်လယ်ဆိပ်ကမ်း တားဆီးနှိမ်နင်းရေး တပ်ဖွဲ့အစည်းအဝေးနဲ့ အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြည့်စစ်ဆေးရေးကွန်ရက် အစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံအနေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)ကို အကောင်အထည်ဖော်ရာမှာ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးအခြေအနေတွေက အရေးကြီးတဲ့အချက် တစ်ခုဖြစ်လို့ အာဆီယံ အဖွဲ့ဝင် မဲခေါင်ဒေသတွင်း ငါးနိုင်ငံအနေနဲ့ “ရွှေတြိဂံဒေသ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်(၂၀၁၇-၂၀၁၉)” ကိုလည်း ချမှတ်ဆောင် ရွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မဲခေါင် MoU လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး သဘော တူစာချုပ်တွေ၊ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပြီး နယ်စပ်ဆက်ဆံရေး ရုံးတွေလည်းဖွင့်လှစ်ကာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
 
မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး လုပ်ငန်းတွေကို မည်သည့်နိုင်ငံရေး အခြေအနေ မည်သို့ သော အစိုးရလက်ထက်မှာ ဆောင်ရွက်သည်ဖြစ်စေ၊ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးပေးသင့်ပါတယ်။ အဲလို ပံ့ပိုးမှုမပြုလုပ်ပေးတဲ့အပြင် နိုင်ငံရေးရည်မှန်း ချက်အပေါ်မူတည်ပြီး မူးယစ်ဆေးဝါးပြဿနာကို မဟုတ်မမှန်ဝါဒဖြန့်ချိတာ၊ လူမှုကွန်ရက်ကို အသုံးပြုပြီး တည်ငြိမ်မှုပျက်ပြားအောင် စွပ်စွဲလှုံ့ဆော်မှုတွေဟာ မပြုလုပ်သင့်တဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ နိုင်ငံကြီးတစ်ခုက မိမိရဲ့ တရားဝင်သံရုံး Facebook စာမျက်ကို အသုံးပြုပြီး အခြား နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးအခြေအနေကို ဖိအားပေးဖို့ မူးယစ်ဆေးဝါးပြဿနာကို ဝါဒဖြန့်ချိရေးအတွက် အသုံးချနေတာဟာ မသင့်တော်ဘူးလို့ ထင်မြင် ယူဆမိပါတယ်။ ။
 
မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေး ပြဿနာဟာ မြန်မာအစိုးရ အဆက်ဆက်အတွက် စိန်ခေါ်မှုကြီးဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရောင်းချခြင်း ပြုလုပ်နေတယ်ဆိုရင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တရား ဥပဒေအရ သော်လည်းကောင်း၊ နိုင်ငံတော်ရဲ့ သိက္ခာအရသော် လည်းကောင်း မည်သည့်နည်းနဲ့မျှ ခွင့်လွှတ်သည်းခံမှာမဟုတ်ဘဲ ထိရောက်ပြတ်သား စွာ အရေးယူသွားမှာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတဲ့ ကိစ္စရပ်တွေသာမကဘဲ အဆိုပါ လုပ်ငန်းတွေကတစ်ဆင့် ဆက်စပ်ရရှိတဲ့ ငွေတွေကို ခဝါချတဲ့လုပ်ငန်းတွေကိုလည်း နိုင်ငံ ဖြတ်ကျော်မှုခင်းတွေအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကာ ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နှင်းလျက်ရှိပါတယ်။ ဒီအချက်ဟာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်လာရင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရရဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲ ဆောင်ရွက်နေတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာတွေ ထိရောက်စွာနှိမ်နင်းနိုင်ဖို့ဆိုရင် ကမ္ဘာ့ အင်အားကြီးနိုင်ငံတချို့ အနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဝါဒဖြန့်ချိရေးလောက်သာ အသုံးချ မနေဘဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေကို မှန်ကန်စွာသုံးသပ်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်း သိစေ၊ ကြားစေချင်လ ညွှန်းသက်သေတွေနဲ့အတူ တင်ပြလိုက်ရပါတယ်။ ။
 
အောင်ရှင်း