Skip to main content

ရန်ကုန်တိုင်းဒေသကြီး သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ပြည်တွင်းဒေသထွက် ထုတ်ကုန်များကို ရောင်းချပေးလျက်ရှိရာ ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိ

ရန်ကုန် အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဒုတိယနေ့အဖြစ် ဆက်လက်ပြသရောင်းချလျက်ရှိရာ ဝယ်ယူအားပေးကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

စျေးရောင်းပွဲတော်တွင် စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန် များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း ၆၂၀ ကျော်တွင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်များ၊ စားသောက်ကုန်များ၊ အလှမွေးငါးများ၊ အိမ်မွေးတိရစ္ဆာန် တွားသွားသတ္တဝါများ၊ မြန်မာ့သနပ်ခါးများကို ခင်းကျင်းပြသရောင်းချလျက်ရှိသည့်အပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သက်သာသောစျေးနှုန်းများဖြင့် ဆီများကို ရောင်းချပေးလျက်ရှိရာ လာရောက်ကြည့်ရှုဝယ်ယူ အားပေးလျက်ရှိကြသူများဖြင့် စည်ကားလျက်ရှိသည်။

သီတင်းကျွတ်စျေးရောင်းပွဲတော်တွင် Talk Show အစီအစဉ်၌ “MSME များအတွက် နည်းပညာဆိုင်ရာနှင့် ပံ့ပိုးမှုများ” ခေါင်းစဉ်ဖြင့်ဆွေးနွေးကြရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပွဲတော်လာပြည်သူများက စိတ်ဝင်တစား လာရောက်နားထောင်အားပေးလျက်ရှိသည်။

ဖျော်ဖြေရေး မဏ္ဍပ်၌လည်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင် များစွာတို့၏ သီဆိုဖျော်ဖြေမှုများကြောင့် သီတင်းကျွတ်စျေးရောင်းပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် သီချင်းတေးသွားများကို အတူတကွ ပျော်ရွှင်စွာ နားဆင်ခံစားကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ရွှေသံလွင်မိသားစုတို့မှ လှူဒါန်းသည့် စတုဒိသာ ထမင်း၊ ဟင်းများကိုလည်း အားပါးတရ ပျော်ရွှင်စွာ သုံးဆောင်ကြသည်ကို တွေ့ရသည်။

စျေးရောင်းပွဲတော်လာ ပြည်သူများအတွက် သန့်ရှင်းစွာ စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေး အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobile Toilet များ ထားရှိဆောင်ရွက်ပေး ထားပြီး ပွဲတော်လာပြည်သူများ သွားရေး၊ လာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိသဖြင့် အနယ်နယ်ရပ်ရပ်မှ ပြည်သူများ လာရောက်လည်ပတ်ကြသည်။

ဇော်မင်းလတ် (MNA)