Skip to main content

တတိယလှိုင်းကို မျက်ခြည်မပြတ်ဆောင်ရွက်

“အဓိကကတော့ ကာကွယ်ရေးပိုင်းက အရေးအကြီးဆုံးပဲ။ ကာကွယ်ရေးမှာ မနိုင်လို့ရှိရင် ကုသရေးမှာလည်း တော်တော် heavy ဖြစ်မယ်။ အဲဒီတော့ ကာကွယ်ရေးက အရေးအကြီးဆုံးပဲ။ ကာကွယ်ရေးကို ဦးစားပေးပြီးတော့ လုပ်တာတော့ ပိုကောင်း မယ်လို့ ကျွန်တော်ပြောချင် ပါတယ်။ ဒါကြောင့် အများပြည်သူကနေပြီးတော့မှ လိုက်နာရမယ့်စည်းကမ်းတွေ တလေးတစား ကို လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုကလည်း Co-operation Co-ordination ပေါ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့လည်းလိုတယ်” ဟု ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင် ၂၀၁၉ ခုနှစ် နှစ်ကုန်နှင့် ၂၀၂၀ ပြည့်နှစ်မှစတင်၍ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ၌ မတ်လ ၂၃ ရက် နေ့တွင် စတင် ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှု ပထမလှိုင်းကာလနှင့် ဒုတိယလှိုင်းကာလများတွင် ဖြစ်ပွားမှုနှုန်း နည်းပါးခဲ့သော်လည်း ယခုနှစ် မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းတွင် တတိယလှိုင်းဖြစ်ပေါ်လာပြီး ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့သည်။ ဖြစ်ပေါ်လာသည့် အခြေအနေများအတွက် အလွန်အမင်းစိုးရိမ်ပူပန်မှုမဖြစ်ဘဲ ရောဂါကာကွယ်ရေးအတွက် နိုးနိုးကြားကြား ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် ကုသမှုအပိုင်းရှိရာ ဖြစ်ပွားမှကုသလျှင် မနိုင်မနင်းဖြစ်စေနိုင်သဖြင့် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၂၉၆ မြို့နယ်တွင် ရောဂါပိုး ကူးစက်မှုရှိသည်။ ယခုအခါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားနေသဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့်အမိန့်၊ ကြေညာချက်များအား ပြည်သူများအနေဖြင့် တိတိကျကျလိုက်နာရန်နှင့် လူစုလူဝေးများ မပြုလုပ်ရန် လိုအပ်ပါသည်။ မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စများ ရှိပါကလည်း အကာအကွယ်များဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ကြရန် အရေးကြီးသည်။ ယခုအခါ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စာသင်ကျောင်းများအား ခေတ္တပိတ်ထားပြီး နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးဆောင်ရွက်နေသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်သောကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ဖို့လိုသည်။ ရောဂါနှင့်ပတ်သက်၍ ခွဲခြားဆက်ဆံ ကန့်သတ်မှုပြုလုပ်ရန် မသင့်ပေ။ အရေးကြီးသည်မှာ မည်သူဖြစ်စေ လူသား တစ်ယောက်ကို ပြုစုစောင့်ရှောက်မှု ပေးခြင်းဖြစ်သည်ဟု မွန်မြတ်သောခံယူချက် ထားရှိရန် လိုသည်။ မည်သူ့ကိုမဆို ကုသစောင့်ရှောက်ပေးရန် လိုအပ်ပြီး တာဝန်ရှိသူများက အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေးသည် အရေးပါသည့် လုပ်ငန်းဖြစ်ရာကျန်းမာရေး အခြေခံ ရှိသူများအား ဖိတ်ခေါ်၍ လက်တွဲဆောင်ရွက် ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမှုကူညီရေးစိတ်ဓာတ်မြင့်မားသူ များပြားသဖြင့် မွန်မြတ်သော စိတ်ထားရှိသူများမှာ အရေးပါသည့်ကဏ္ဍတွင်ရှိနေသည်။

မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု များပြားနေသော်လည်း ဖြစ်ပွားမှုနှုန်းမြင့်မားသည့် နိုင်ငံများစာရင်းတွင် မပါဝင်သေးပေ။ သို့သော် ရောဂါကူးစက် ဖြစ်ပွားနေမှုများကို ပေါ့ဆ၍မရဘဲ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။ အဓိကအားဖြင့် ကြိုတင်ကာကွယ်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကြိုတင် ကာကွယ်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ပါက ရောဂါကူးစက်ဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများသည် အရေးကြီးသဖြင့် မီဒီယာများမှ အသိပညာပေးခြင်းအပြင် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရပ်ရွာများအတွင်း ကွင်းဆင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ပိုးတွေ့ လူနာများနှင့် သံသယရှိသူများအား ဆေးရုံများနှင့် ကွာရန်တင်း စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိပြီး ပုဂ္ဂလိကဆေးရုံများနှင့် နေအိမ်တွင် စောင့်ရှောက်ရေးအစီအစဉ်လည်း ခွင့်ပြုပေးထားသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် နိုင်ငံတော်က အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိရာ မွန်မြတ်သော စေတနာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲကာ ကိုဗစ်-၁၉ တတိယလှိုင်းကို မျက်ခြည်မပြတ် ကာကွယ်တားဆီးကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ,အယ်ဒီတာ့အာဘော်