တိုင်းပြည်တစ်ခုတည်ဆောက်ရေးမှာ သယံဇာတ တွေ၊ နည်းပညာနဲ့ အရင်းအနှီး၊ စီးပွားရေးနဲ့ နိုင်ငံ ရေးစနစ်တွေ အစရှိတဲ့ကိစ္စရပ်တွေကိုပဲ အာရုံစိုက် နေလို့မရဘဲနဲ့ ဒီကိစ္စတွေအားလုံးထက် အခြေခံ ကျတဲ့၊ အရေးပါတဲ့ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအာရုံစိုက်ကြမှသာ အောင်မြင်နိုင်ပါမယ်။
တိုင်းပြည်ထူထောင်ကြရာမှာ အခက်အခဲ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို လိုအပ်တာ ထက်ပိုကြုံတွေ့နေကြရပြီး ဖြေရှင်းဖို့လည်း ခက်ခဲနေရတာအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကြုံတွေ့နေကြရတဲ့ ပြဿနာတွေရဲ့ အခြေခံအကျဆုံး အရင်းခံအကြောင်းတရားကြီးကို ရှာဖွေကြရင်၊ လူသားရင်းမြစ်စွမ်းရည် ကျဆင်းနေခြင်း (Declining the capacity of Human Resource) ဆိုတဲ့အချက်ဖြစ်ကြောင်းကို နက်နက်နဲနဲ တွေးခေါ်သုံးသပ်နိုင်ရင် ထင်ထင်ရှားရှား တွေ့မြင်သိရှိရပါလိမ့်မယ်။
ကျန်းမာရေးနဲ့ ပညာရေးအဆင့်အတန်း နိမ့်ကျနေတာ၊ နိုင်ငံသားတွေရဲ့ ဗဟုသုတရေချိန် (Knowledge level of citizen) စီးပွားရေးဖွံ့ဖြိုးမှုကို ကောင်းစွာမတည်ဆောက်နိုင်တာ၊ လူ့စွမ်းအား ရင်းမြစ်ဖွံ့ ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ကာလကြာရှည်ဝေးကွာနေခဲ့ရတာ စတဲ့အကြောင်းတရားတွေက လူသားရင်းမြစ် စွမ်းရည်ကျဆင်းမှုကို ဖြစ်ပေါ်စေကြောင်း တွေ့မြင် ရပါတယ်။ အပြန်အလှန်အားဖြင့် လူ့စွမ်းအား ရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရနိုင်တဲ့နည်းလမ်းတွေနဲ့ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ဘူးဆိုရင် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် အပါအဝင် နိုင်ငံဘက်စုံ ကောင်းမွန်ပြည့်စုံလာဖို့ ကို ဘယ်လိုမှမျှော်မှန်းလို့မရနိုင်ဘူးဆိုတာလည်း သတိပြုမိနိုင်ပါလိမ့်မယ်။
လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human Resource Development) ကို နည်းလမ်းတကျ ထိထိရောက်ရောက် မကိုင်တွယ်နိုင်သရွေ့ ယဉ်ကျေးစွာသဘောထားကွဲကြခြင်း (တစ်နည်း) မိမိအယူအဆကို အခိုင်အမာရပ်တည်ပြောဆိုရင်း ဆန့်ကျင်ဘက်သဘောထား ယူဆချက်တွေကို လေးစားနားလည်ခြင်း၊ မိမိအခွင့်အရေးကို ရယူ ခံစားရာမှာ တစ်ပါးသူအခွင့်အရေးကို လုံးဝ မထိခိုက်စေဘဲ စာခလေးစားမှုရှိခြင်း၊ မိမိအကျိုး စီးပွားနဲ့ လူ့အဖွဲ့အစည်းအကျိုးစီးပွား မျှတစွာ တွေးခေါ်လုပ်ကိုင်တတ်ခြင်း၊ နိုင်ငံသားတို့ရဲ့ အခွင့်အရေးကို ရရှိခံစားသလို နိုင်ငံသားတို့ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ဖို့ နားလည်သဘောပေါက်သလို တက်ကြွစွာထမ်းဆောင်ခြင်း စတဲ့ ဒီမိုကရေစီနိုင်ငံသားတို့ရဲ့ အခြေခံအသိပညာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တစ်နည်းအားဖြင့် ဒီမို ကရေစီကျင့်စဉ်တွေ မှန်မှန်ကန်ကန်ပြည့်ပြည့်ဝဝ ရှိကြဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
နိုင်ငံရေးပြဿနာတွေအပါအဝင် မြန်မာတို့ ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းပေါင်း သောင်းခြောက်ထောင်က လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာ ဖြစ်ပါတယ်။ နိုင်ငံသားတို့ရဲ့ အခြေခံအသိပညာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို သင့်တော်တဲ့အဆင့် အတန်းတစ်ခုရောက်တဲ့အထိ မြှင့်တင်ပေးနိုင်ဖို့ ကိစ္စဟာ နိုင်ငံတော်သစ်တည်ဆောက်ရေးရဲ့ အခြေ ခံအကျဆုံး လုပ်ငန်းတာဝန်ဖြစ်နေပါတယ်။ ပြဿနာ တွေအားလုံးရဲ့ ဇာစ်မြစ်ဖြစ်နေပါတယ်။
ဒီကိစ္စလျစ်လျူရှုထားပြီးတော့ နိုင်ငံရေး၊ စီးပွား ရေးစတဲ့ကဏ္ဍတွေမှာပြဿနာတွေအားလုံးပြေလည် ဖို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ ကြိုးစားနေကြမယ် ဆိုရင် ဘယ်လိုမှ ရလဒ်ကောင်းတွေ ရလာမှာမဟုတ်လို့ ရေရှည်တည်တံ့ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဘယ်လိုမှတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
လောလောဆယ်အခြေအနေမှာ လူ့စွမ်းအား ရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးအဆင့် ထားပြီး လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြတဲ့ အနေအထားမှာ မရှိသေးပါဘူး။ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို လည်း ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင် ခြင်းမရှိသေးသရွေ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရေး အဟန့်အတားဖြစ်နေတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးပြဿနာအရပ်ရပ်ကို အမှန်တကယ် လုံးဝ လျော့ပါးလာစေရေး ဖြေရှင်းနိုင်ဖို့ ခက်ခဲနေလိမ့် ဦးမှာဖြစ်ပါတယ်။
ဒီတော့ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို ထိထိရောက်ရောက်လုပ်ကိုင်ကြဖို့ အစိုးရ ကရော အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလနိုင်ငံသားတွေအပါအဝင် Stakeholder အားလုံးက အာရုံစိုက်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။
နိုင်ငံသားတို့ရဲ့ အရည်အသွေးမြှင့်တင်ရေးကို | ဆောင်ရွက်မယ်ဆိုရင် အခြေခံအားဖြင့် Function သုံးရပ်ရှိတယ်လို့ ဆိုပါတယ်။
၁။ training and development (လေ့ကျင့်သင်ကြားပေးခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး)
၂။ organizational development (အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး)နဲ့
၃။ career development (အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး) တို့
ဖြစ်ပါတယ်။
လေ့ကျင့်သင်ကြားပေးခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး
ဗဟုသုတနဲ့ အသိပညာဆိုင်ရာစွမ်းရည်နဲ့ သ ဘောထား (skill and attitude) တွေ ပြောင်းလဲပစ်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့စွမ်းရည်တွေ တိုးတက်ရရှိလာကာ ပိုမိုတိုးတက်သောအလုပ်အကိုင်နဲ့ ဘဝနေထိုင်မှုရရှိရေးအတွက် စနစ်တကျလေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် စွမ်းရည် မြင့်လာတဲ့အခါ နည်းပြပေးခြင်းနဲ့ စောင့်ကြည့်အကြံ ဉာဏ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်မယ်ဆိုရင် အကောင်းဆုံးအနေအထားကို သေချာပေါက် ရောက်ရှိမယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
အမူအကျင့်ဆိုင်ရာသိပ္ပံပညာရဲ့ စိတ်ကူးစိတ်သန်း (concept of behavioral science) ကို အခြေခံပြီးတော့ အဖွဲ့အစည်းထဲမှာရှိတဲ့ အဖွဲ့ဝင် တစ်ယောက်ချင်းကို စောင့်ကြည့်ပြီး လိုအပ်တာရှိရင် စွက်ဖက်ဆောင်ရွက်ခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ အရည်အသွေးနဲ့ အဖွဲ့အစည်းဝင်တစ်ယောက်ချင်းရဲ့ အရည်အသွေးတွေ တစ်ပြိုင်နက်တည်း တိုးတက်နေအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ ဂရုတစိုက်စောင့်ကြည့်လေ့လာနေပြီး လိုအပ် ချက်ရှိတိုင်း အဆောတလျင် အဖြေရှာဖြေရှင်းမယ်ဆိုရင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ နှစ်ပိုင်းရှိပါတယ်။ အသက်မွေးဝမ်းကျောင်းအစီအစဉ် ချမှတ်ရေးဆွဲတာ (career planning) နဲ့ အသက်မွေး ဝမ်းကျောင်းကို စီမံခန့်ခွဲတာတို့ဖြစ်ပါတယ်။
အစီအစဉ်ချမှတ်ခြင်းဆိုတာက လူတစ် ယောက်ဟာ သူနဲ့ကိုက်ညီတဲ့ (သူသင်ကြား တတ်မြောက်ထားတဲ့ အလုပ်ကို လုပ်ကိုင်ဖို့ အစီအစဉ် ရေးဆွဲချမှတ်တာဖြစ်ပြီးတော့ သူကိုယ်တိုင်ဆောင်ရွက်ဖို့လိုအပ်ပြီး ပညာရှင် တို့ရဲ့ အကြံပေးတာကို ခံယူဖို့လည်း လိုအပ်ပါ တယ်။
သဘာဝကျတဲ့ အသက်မွေးဝမ်းကျောင်း (realistic career) ဖြစ်ဖို့အတွက် အကြံဉာဏ်တွေ ရယူခြင်းကပိုမိုထိရောက်အောင်မြင်တယ်လို့ ဆိုပါတယ်။ အသက်မွေးဝမ်းကျောင်းကို စီမံခန့်ခွဲခြင်း ဆိုတာကတော့ လူတစ်ဦးရဲ့လုပ်နိုင်စွမ်းရည်ကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာစေခြင်းပဲဖြစ်ပါ တယ်၊ ဒီလိုမြင့်တက်လာတာနဲ့အမျှ သူ့ရဲ့ကိုယ်ပိုင်ဘဝ လူနေမှုအဆင့်အတန်းဟာလည်း မြင့်သထက် မြင့်လာမှာဖြစ်သလို ကုန်ထုတ်စွမ်းအားနဲ့ ထုတ်ကုန်အရည်အသွေးကလည်း လိုက်ပါမြင့်မားလာမှာ ဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး ကိစ္စမှာ
- စွမ်းရည်တွေ ကျဆင်းမသွားဖို့ ထိန်းသိမ်းခြင်း၊
- လူတစ်ဦးချင်းရဲ့ ကိုယ်ကျင့်တန်ဖိုးနဲ့ စိတ်ထက်သန်မှုကို စဉ်ဆက်မပြတ် မြှင့်တင်ပေးခြင်း၊
- တစ်ဦးချင်းရဲ့ စွမ်းရည်ကို ပြည့်ပြည့် ဝဝနဲ့ ကောင်းသထက်ကောင်းအောင် အသုံးချနိုင်ရေး ဆောင်ရွက်ခြင်း၊
- အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊
- သစ္စာရှိမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှု အပါ အဝင် ရှိသင့်ရှိထိုက်တဲ့ကိုယ်ရည် ကိုယ်သွေးတွေ ပြည့်ဝရေးနဲ့ စဉ်ဆက် မပြတ် လေ့လာဆည်းပူးသင်ယူခြင်း ဓလေ့ပျိုးထောင်ပေးခြင်း စတာတွေကို ဦးစားပေးဆောင်ရွက်ဖို့ လိုပါတယ်။
လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုတာ နိုင်ငံသားတစ်ဦးချင်းရဲ့ ဘဝနေထိုင်မှု၊ ကိုယ်ရည်ကိုယ်သွေးတွေ မြင့်မားရေးနဲ့ လူ့အဖွဲ့ အစည်းရဲ့ တန်ဖိုး၊ အဆင့်အတန်း မြင့်မား ရေးကို အပြန်အလှန်အထောက်အကူဖြစ်အောင် စနစ်တကျဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပြီးတော့ နိုင်ငံတစ်ခု စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအရ လူလူသူသူရပ်တည်နိုင်ရေး၊ ဂုဏ် သိက္ခာအရ တင့်တယ်တဲ့ လူ့ဘောင်တစ်ခုအဖြစ် ရပ်တည်နိုင်ရေးအတွက် ပင်မသွေးကြောဖြစ်နေ တာကြောင့်တစ်ကြောင်း၊ ပြဿနာအားလုံးရဲ့ အခြေခံအရင်းအမြစ် ဖြစ်နေတာကြောင့် တစ်ကြောင်း လျစ်လျူရှုမထားဘဲ အဆောတလျင် ဆောင်ရွက်နိုင်ရေး နိုင်ငံသားတိုင်းနဲ့ အကျိုးဆိုင်သူ တွေအားလုံးက အလေးဂရုပြု ကြိုးစားအားထုတ် နိုင်ကြစေရေးအတွက် လေးစားစွာတိုက်တွန်း ရေးသားလိုက်ရပါကြောင်း။ ။
ပိုက်တင်