နေပြည်တော်၊ ဇူလိုင် (၈)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့နှင့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည် တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြား လျက်ရှိ၍ ဆေးရုံလူနာခုတင် စီမံခန့်ခွဲမှု၊ အောက်စီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းမှုတို့ကို အထူး ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တွင် ရန်ကုန်မြို့၌ သုဝဏ္ဏ ကိုဗစ်-၁၉ ကုသရေးဌာန ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနနှင့် တောင်ဥက္ကလာပ ဆေးရုံကြီးတို့၌လည်း လူနာများ အဆင်ပြေစွာလက်ခံကုသပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လက်ရှိတွင် ဖောင်ကြီး၌ လူနာ(၂၀၀) လက်ခံနိုင်ရေး ပြင်ဆင်လျက်ရှိပြီး (၇၀၀)၊ (၈၀၀) အထိ လက်ခံနိုင်ရန် ဆက်လက်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုရောဂါပိုးသည် ကူးစက်မှု ပိုမိုမြန်ဆန်ပါကြောင်း၊ အဓိကစိန်ခေါ်မှုမှာ လူ့စွမ်းအားအရင်းအမြစ် ကိစ္စဖြစ်ပါကြောင်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိအခြေအနေတွင် ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အား (၆၀)ရာခိုင်နှုန်းခန့်ဖြင့်သာ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရပြီး အခက်အခဲများကြားမှ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နေ့မနားညမအား တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများကို အထူးပင် ချီးကျူးဂုဏ်ပြုပါကြောင်း။
အောက်စီဂျင်ထုတ်လုပ်မှုကို အမြင့်ဆုံးရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံများရှိ အောက်စီဂျင်ထုတ်လုပ်စက်များ ပုံမှန်ဆက်လက်လည်ပတ်နိုင်စေရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အောက်စီဂျင်အရည်ကို ရန်ကုန်၊ မန္တလေး၌ အသုံးပြုလျက်ရှိပြီး နေပြည်တော်၌လည်း စတင်တပ်ဆင်နေပြီ ဖြစ်ပါကြောင်း၊ လိုအပ်သော အောက်စီဂျင်အရည်ကို နယ်စပ်များမှတစ်ဆင့် တင်သွင်းနိုင်ရေးအတွက်လည်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ အောက်စီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါကူးစက် မှုကျဆင်းစေရေးအတွက် ကန့်သတ်တားမြစ်ခြင်းများကို တရားဥပဒေနှင့်အညီ ရအောင်ညှိနှိုင်းထား ရှိပါကြောင်း၊ အစည်းအဝေးများအား Online မှတစ်ဆင့် Virtual Meeting ဖြင့် ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ခရီးအသွားအလာ ကန့်သတ်ခြင်း Travel Restriction နှင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်း များ ဆောင်ရွက်ရန် စီစဉ်ထား ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး မထိခိုက်စေရန် စက်ရုံ၊ အလုပ်ရုံများတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ကိုဗစ်-၁၉ စည်းကမ်း ချက်များကို ကြီးကြပ်ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊ လူစုလူဝေး ဖြစ်ပွားနိုင်သည့် အခမ်း အနားများ၊ ဘာသာရေးပွဲများအား လူအနည်းဆုံးဖြင့် စနစ်တကျ ဆောင်ရွက်ရန်၊ သင်တန်းများ ဆောင်ရွက်ခြင်းအား ခေတ္တဆိုင်းငံ့ထားရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်မည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးပါက ကူးစက်ဖြစ်ပွားမှုအနည်းအကျဉ်း ရှိနိုင်သော်လည်း ရောဂါပြင်းထန်မှုမရှိခြင်း၊ ရောဂါပြန့်ပွားမှုကို လျော့နည်းစေခြင်း စသည့် အကျိုး ကျေးဇူးများရှိပါကြောင်း၊ ကာကွယ်ဆေးများရရှိစေရေး ဆက်လက်ညှိနှိုင်း ဝယ်ယူရန် စီစဉ်လျက်ရှိ ပါကြောင်း၊ ယခုနှစ်အကုန်တွင် တစ်နိုင်ငံလုံးကာကွယ်ဆေးလွှမ်းခြုံမှု (၅၀) ရာခိုင်နှုန်း အထိ ရရှိရန် ရည်မှန်းထားပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများ အများစုအားကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ လုပ်ကိုင်နေသူ များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၌ လုပ်ကိုင်နေသူများ စသဖြင့် ဦးစားပေးအုပ်စုများခွဲခြား၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပညာရှင်များမှလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို မြှင့်တင်နိုင်ရေး၊ ရောဂါတွေ့ရှိပါက အမြန်ဆုံးကုသမှုရရှိနိုင်ရေးတို့အား အားဖြည့်ဆောင်ရွက်လျက် ရှိပြီး သက်ဆိုင်ရာမြို့နယ် ကုသရေးဦးစီးဌာနမှူးများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ဦးစီးဌာနမှ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့၌ နာယကများဖြစ်သူ ပါမောက္ခ ဒေါက်တာကျော်မြင့်၊ ကျန်းမာရေးဝန်ကြီး(အငြိမ်းစား) ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ ကျန်းမာရေးဝန်ကြီး(အငြိမ်းစား)၊ အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းနှင့် အကြံ ပေးအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ရေတိုရေရှည်အလိုက်ဦးစားပေး လုပ်ငန်းစဉ်များကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)