နေပြည်တော် ဇူလိုင် ၈
တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်းနှင့် တိရစ္ဆာန်အစာချဉ်ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံ၏နှစ်စဉ်အသားတင်ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေးအတွက် ကျွဲ နွား သိုး ဆိတ် အပါအဝင် အသားကဏ္ဍသည်လည်း အရေးပါသော လုပ်ငန်းတစ်ရပ်အဖြစ် ရပ်တည်နေလျက် ရှိကြောင်း၊ မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန်အစာ စိုက်ပျိုး ကျွေးမွေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ကြစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် နည်းပညာပေးခြင်း၊ ဒေသနှင့်ကိုက်ညီသော တိရစ္ဆာန်အစာပင်များ လက်တွေ့ စိုက်ပျိုးပြသခြင်းများ၊ တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်နည်းများ ဖြန့်ဝေပေးခြင်းကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ဆွေးနွေးခဲ့ကြသည်။
တိရစ္ဆာန်အစာပင်များကို အစိုဓာတ် ၆၅-၇၀ ရာခိုင်နှုန်းရှိသော ပြောင်းပင်နှင့် အဖူးကို စဉ်းဖြတ်၍ လေကင်းမဲ့သော အခြေအနေတွင် အချဉ်ပေါက်စေပြီး စနစ်တကျ သိုလှောင်သိမ်းဆည်းထားရာမှ ရရှိလာသော ချဉ်ဖတ်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအား ကျွေးမွေးနိုင်သည့် အစာတစ်မျိုး ဖြစ်သည်။ အဆိုပါ ချဉ်ဖတ်ကို တိရစ္ဆာန်များ နှစ်သက်မှုရှိပြီး အာဟာရဓါတ် ကြွယ်ဝမှုလည်းရှိကြောင်း၊ (၂)နှစ်အထိ သိုလှောင်ကျွေးမွေးနိုင်သဖြင့် ရာသီအလိုက် တိရစ္ဆာန်အစာ အခက်အခဲရှိသော ဒေသ များရှိ မွေးမြူရေးတောင်သူများအတွက် များစွာအကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ပြည်ပ ပို့ကုန် အတွက်လည်း အလားအလာရှိသည်ဖြစ်ရာ စိတ်ပါဝင်စားသူများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်၍ ပြည်ပပို့ကုန်အဖြစ်ဆောင်ရွက် နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ချဉ်ဖတ်ပြုလုပ်ပါက အစာပင်များကို အာဟာရဓာတ်အမြင့်ဆုံးနှင့် ထွက်နှုန်းအမြင့်ဆုံး အခြေအနေ တွင် ရိတ်သိမ်းနိုင်သည့်အတွက် အမြင့်ဆုံးအထွက်နှုန်းနှင့် အာဟာရတန်ဖိုးကို ရရှိမည် ဖြစ်ပြီး မြက်ခြောက် ကဲ့သို့ မီးဘေးအန္တရာယ်မရှိပဲ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ယခုနှစ် ဇွန်လ နှင့် ဇူလိုင်လများအတွင်း နေပြည်တော်၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ သရက်နှင့် ရန်ကုန်တို့တွင် တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် ချဉ်ဖတ်ပြုလုပ်ခြင်းသင်တန်းများကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ အလားတူ ပြောင်းချဉ်ဖတ် ပြည်ပတင်ပို့နိုင်ရေး လုပ်ငန်းအစည်း အဝေး ကို ဇူလိုင်(၇)ရက်နေ့က အွန်လိုင်းစနစ်ဖြင့် ကင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး အထူးပြု ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း၊ လယ်ယာထွက်ကုန်များ ကုန်သွယ်ရာတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ တိရစ္ဆာန်အစာ ချဉ်ဖတ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင် အပင်များအပေါ်ကူးစက်တတ်သော ရောဂါပိုးများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်း၏ သတ်မှတ် ချက်များနှင့်အညီ လေ့လာအကဲဖြတ်၍ ဇွန် ၁၇ ရက်မှ စတင်၍ စမ်းသပ်တင်သွင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)