Skip to main content

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ခုတင် ၅၀၀ အရိုးအထူးကု ဆေးရုံကြီးတွင် ပြင်ဆင်ဆောင်ရွက် နေမှု ကြည့်ရှုစစ်ဆေး

 

မန္တလေး ဇူလှိုင်

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့ နံနက် ၁ဝ နာရီက ကိုဗစ်အတည်ပြုလူနာများကိုကျန်းမာ  ရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ပြင်ဆင်နေသည့် ခုတင် ၅၀၀ အရိုးအထူးကုဆေးရုံကြီးသို့ ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းထားသည့် ၂၀၄ ခုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာ တည်ဆောက် နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများက တည်ဆောက် နေမှုများကိုရှင်းလင်းတင်ပြရာ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် ကော်မတီဥက္ကဋ္ဌက လေဒဏ်မိုးဒဏ် ခံနိုင်ပြီး အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားရေး၊ အဝင်အထွက်လမ်းများ၊ နားနေဆောင်များနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မည့်နေရာများကို စနစ်တကျ သတ်မှတ်သွားရေး နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရေး တို့ကို ဆွေးနွေးမှာကြားကာ ကိုဗစ်ကုသရေးစင်တာကို စက်ယန္တရားအင်အား၊ လူအင်အား တို့ဖြင့် တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုသည်။

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နှီးနွယ်ဌာနများဖြင့် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးတိုင်းရင်းဆေးရုံကြီး၊ ၆၂လမ်း သံဃာ့ဆေးရုံကြီး၊ မန္တလေးအလုပ်သမားဆေးရုံကြီး၊ ဇီဝိတဒါနသံဃာ့ဆေးရုံ(ကန်တော်ကြီး)တို့တွင် ကိုဗစ်အတည်ပြုလူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ ယခုကုသရေးစင်တာ တည်ဆောက်နေမှုများပြီးသွားပါက ပိုမိုကုသဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့မှ လိုအပ်မည့်ကျန်းမာရေးဝန်ထမ်းများ၊ Volunteer Teamများ နှင့် အခြားလိုအပ်မည့် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)