Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော် ဇူလိုင် ၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမျိုးလှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။ 

ယနေ့ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်း(၁) နှင့် ကွင်း(၃) တို့၌ အုပ်စု(က)နောက်ဆုံးပွဲစဉ်ဖြစ်သော ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ကရင်ပြည်နယ်အသင်းက (၆)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက (၃)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြပြီး ကွာတားဖိုင်နယ်ပွဲစဉ်သို့ ကရင် ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ တက်ရောက်သွားကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင် ၃ ရက် ပွဲစဉ်များအဖြစ်  နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်း(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်း၊ ညနေပိုင်း တွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်း(၁)နှင့် ကွင်း(၃) တို့၌ မွန်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် အခမဲ့လာ‌ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)