Skip to main content

အလုပ်သမားညီလာခံကို အသုံးမချပါနဲ့

မကြာမီက ကျင်းပပြီးစီးခဲ့သည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့က အတည်ပြုခဲ့ သည်ကို သိရှိရ ပါသည်။

ထိုစာတမ်းမှာ  Resolution for a return to democracy and respect for fundamental ights in Myanmar ဖြစ်ပြီး မြန်မာနိုင်ငံမျက်ကွယ်၌ လိုရာရေးဆွဲထားသည့် မမှန်ကန်သည့် အချက် အလက်များကို ရယူသုံးစွဲအတည်ပြုခဲ့သည်ကို မြင်တွေ့ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် လည်း အဆိုပါမူကြမ်းချမှတ်ခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချမှုကို ဇွန် ၂ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

အဆိုပါမူကြမ်းသည် လက်ရှိ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေမှန်ကို မထင်ဟပ်သည့် မူကြမ်း တစ်စောင်သာဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင် သည့် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နိုင်ရေးအတွက် အလုပ်သမားညီလာခံကို အသုံးချလိုက်ခြင်းသာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ်ကျင်းပခဲ့သည့် ILO ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံများကို မပျက်မကွက် တက်ရောက်ခဲ့သည်မှာ ၂ဝ၂ဝ ပြည့်နှစ်အထိ ဖြစ်ပါသည်။

ထိုသို့ နှစ်စဉ်တက်ရောက်ခွင့် ရရှိရန်နှင့် မြန်မာအလုပ်သမားများ အရေးကိစ္စများအတွက် သက်ဆိုင်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ကမကထပြု၍ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များကို သတ်မှတ်ချိန်အတွင်း ရွေးချယ်ပေးနိုင်ရန်အတွက် လွတ်လပ်စွာရွေးချယ်အဆိုပြု ပါဝင်ခွင့်ရဖို့ သက်ဆိုင်ရာအလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်း များနှင့်ပေါင်းစပ်ကာ နှစ်စဉ်ကြိုးစားပေး ခဲ့သည်ကိုလည်း အလုပ်သမားအဖွဲ့အစည်းတိုင်း သိရှိထားပြီးဖြစ်ပါသည်။

ယခုနှစ်တွင်မူ မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ် များမပါဝင်သည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အဆိုမူကြမ်းကို တစ်ဖက်သတ် ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူကြမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများနှင့် အကြမ်း ဖက်ဆူပူသူများကို ရောနှော၍ သုံးနှုန်းထားသည် ကိုလည်း မြင်တွေ့ရသည်။

နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်အစမှအဆုံး တိကျသည့် ကိန်းဂဏန်းများ၊ ဖြစ်စဉ်တစ်ခုချင်းအတွက် ရှင်းလင်းဖြေကြားချက်များ များစွာပြုလုပ်ခဲ့သော်လည်း ယင်းအချက်အလက်များကိုမူ လျစ်လျူရှု၍ ထည့်သွင်းဖော်ပြထားခြင်းမရှိခဲ့ပါ။ ထို့အတူ နိုင်ငံ့ဝန်ထမ်းများနှင့် ငြိမ်းချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများ ခြိမ်းခြောက်ခံနေရခြင်း၊ဖမ်းဆီး သတ်ဖြတ်ခံနေရခြင်းနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် နှောင့်ယှက်ဟန့်တားနေခြင်းတို့အပေါ်တွင်မူ အဆိုပါမူကြမ်းက မသိကျိုးကျွံပြုထားသည်ကို မြင်တွေ့ရပါသည်။

အိုင်လ်အယ်အို၏ စည်းမျဉ်းများအရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသည် သက်ဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ တက်ရောက် ကြရပြီး နိုင်ငံတစ်နိုင်ငံ၏ အလုပ်သမားရေးရာ ကိစ္စရပ်များအပေါ် နှီးနှောတိုင်ပင်ခြင်း၊ အကြံဉာဏ်များမျှဝေခြင်း နှင့် ဘုံသဘောတူညီချက်များ ပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ်ကြသည့် ညီလာခံတစ်ခုလည်းဖြစ်ပါသည်။ သို့သော် ယခုကျင်းပခဲ့သည့် (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင်မူ မိမိတို့မြန်မာနိုင်ငံမှ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ အားလုံးမပါဝင်ဘဲ နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်များ တက်ရောက် ခွင့်မရရန် မဟုတ်မမှန်သည့် သတင်းများကို အသုံးပြု၍ နည်းမျိုးစုံသုံး၍ ဟန့်တားခဲ့ကြ သည်ကိုလည်း စိတ်မသက်သာဖွယ် မြင်တွေ့ရပါသည်။

ပြီးခဲ့သည့်လအနည်းငယ်အတွင်းအလုပ်ရုံ၊စက်ရုံ များအား မီးရှို့ ဖျက်ဆီးခြင်း၊ အလုပ်သမားများ လုပ်ငန်းခွင်မဝင်ရောက်နိုင်ရန်နှောင့်ယှက်ဟန့်တား ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော် မှ စနစ်တကျကိုင်တွယ်ဖြေရှင်းခဲ့သည်မှာ မိမိတို့ ပြည်သူများအားလုံးအသိပင် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအရေးနှင့်သက်ဆိုင်သည့် အဆိုပါ အဆိုပြုမူကြမ်းတွင်မူ ယင်းသို့သော အကြမ်းဖက် ကိစ္စရပ်များကို ထည့်သွင်းပါဝင်ခြင်းမပြုခြင်းသည် မမျှတသည့် အဆိုမူကြမ်းပင်ဖြစ်ပါသည်။ မိမိတို့ ပြည်သူအများစုသည် နိုင်ငံရေးအမြင်ကွဲပြားမှုများ မည်မျှပင်ရှိပါစေ တိုင်းပြည်အေးချမ်းတည်ငြိမ်မှုကို လိုလားကြသူများ ဖြစ်ပါသည်။ မိမိတို့နိုင်ငံ အရေးကိစ္စကို ဘက်ပေါင်းစုံထောင့်ပေါင်းစုံမှ စေ့ငုခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲပြောဆိုခြင်းနှင့် မိမိတို့ နိုင်ငံ၏ အလုပ်သမားအရေးကိစ္စများကို သုံးသပ်ရာတွင်လည်း သုံးပွင့်ဆိုင်ပါဝင်ခွင့် မပေးဘဲ တစ်ဖက်သတ်သဘောထားသာဖြစ်သည်ဟု ယူဆရပါလိမ့် မည်။

မိမိတို့နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကြောင့် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ စိတ်မအေးကြရဘဲ အပြစ်မဲ့ပြည်သူနှင့် ဝန်ထမ်း ၁၇၀ ကျော်ခန့် အကြမ်းဖက် လုပ်ရပ်များ ကြောင့် အသက်ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင် ၈၀ ကျော် အသက်ဆုံးရှုံးခဲ့သည် ကိုလည်း မြင်တွေ့ရမည် ဖြစ်ပါသည်။

မတရားစွပ်စွဲပြစ်တင်၍ မိမိတို့နိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်ရန် အသုံးချခံရသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကြီးကို မြင်ရသည့်အတွက် စိတ်မသက်မသာ ဖြစ်ရပြီး မိမိတို့ နိုင်ငံအတွက်၊ မိမိတို့အလုပ်သမားများအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ မှန်ကန်မျှတသည့် အတွေးအခေါ်နှင့် လုပ်ရပ်များကိုသာ မျှော်လင့်လျက်ရှိပါကြောင်း အလုပ်သမားတစ်ဦး၊ ပြည်သူတစ်ဦးအနေဖြင့် တင်ပြလိုက်ရပါသည်။

 

မင်းပြည့်စုံ