မင်းသားများရန်မှ ထွက်ပြေးရင်း ဥမ္မာဒန္တီမင်းသမီးချောလေး၏ ဦးခေါင်းထက်ကပန်းများ ကျခဲ့ရာနေရာတွင် တည်ထားခဲ့သည့် စေတီရှိရာအရပ်ကို ပန်းကျနော်ဟု ခေါ်ဝေါ်သမုတ်ရာမှ “ပန်းတနော်” ဖြစ်လာသည်ဟု ဆိုထားသည့် ရာဇဝင်ထဲက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော် မြို့နယ်လေး။ ထိုမြို့လေးသည် “သင်ဖြူးဖျာဟုဆိုလျှင် ပန်းတနော်က” ဟု ဆိုရလောက်အောင်ပင် မိရိုးဖလာ လက်မှုလုပ်ငန်းဖြစ်သည့် “သင်ဖျာ” လုပ်ငန်းဖြင့် အထူးထင်ရှားလှသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်ဖြူးဖျာ ထုတ်လုပ်ရာ မြို့များရှိသည့်အနက် ပန်းတနော်မြို့ နယ်အတွင်းရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ သင်ဖျာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသူများဖြစ်ရာ အသက်အရွယ်မရွေး သင်ဖျာလုပ်ငန်းအကြောင်းကို အနည်းနှင့် အများဆိုသလို သိရှိတတ်ကျွမ်းကြသူ များဖြစ်ကြသည်။
“ပန်းတနော်မှာရှိတဲ့ ရွာတွေထဲက ကြိုက်တဲ့ရွာ ကိုသွား၊ အိမ်တိုင်းနီးပါး ဖျာလုပ်တယ်။ ကိုယ်ပိုင် လုပ်နိုင်တဲ့သူက ကိုယ်ပိုင်၊ ကိုယ်ပိုင်မထောင်နိုင်တော့လည်း လက်ခစားပေါ့”ဟု ပန်းဧရာစက်မှု လက်မှု ကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ သင်ဖျာလုပ်ငန်းတွင် လက်ခစားဖြင့် လုပ်ကိုင်နေ သည့် ဒေသခံ ကိုစိုးဟန်က လက်နှစ်ဖက်ဖြင့် ဖျာစ နှစ်ဖက်ကို အပေါ်အောက် ဟပ်ကာချည်ဖြင့် ချုပ်တွဲ ရင်းစကားဆိုသည်။ ။
လက်ဖြင့် သင်စိတ်သူကစိတ်၊ ပါးစပ်၊ လက်၊ ခြေထောက်များဖြင့် သင်တင်သူကတင် (သင်ခွာသူ)၊ လက်ဖြင့် ဖျာကူးသူကကူး၊ ဖျာရက်သူကရက်၊ အနားကွပ်သူကကွပ်၊ ချုပ်သူချုပ်ဖြင့် အဆင့်ဆင့် ပြုလုပ်ရသည့် သင်ဖျာလုပ်ငန်းတွင် လုပ်ငန်းအမျိုး အစားအလိုက် ရရှိသည့် လုပ်ခလစာ သတ်မှတ်ချက် များမှာလည်း မတူညီပေ။
“လုပ်ခတွေကတော့ လုပ်တဲ့အလုပ်ပေါ်မူတည်ပြီး မတူဘူး။ ကျွန်တော်က တစ်နေ့ကို ငွေကျပ် ၈၀၀၀၊ ၁၀၀၀၀ ရတယ်၊ ပုံမှန်တော့မရှိဘူး၊ ချုပ်နိုင်ရင် ချုပ်နိုင်သလောက်ရတယ်”ဟု ဖျားချုပ်နေရင်း ကိုစိုးဟန်က ရှင်းပြသည်။
အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လာ
ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့် သင်ဖြူးဖျာ များကို ယခင်က နီးစပ်ရာ ဒေသဝန်းကျင်ကသာ ဝယ်ယူအသုံးပြုခဲ့ကြသော်လည်း ပြောင်းလဲလာသည့် အခြေအနေများအရ နေရာအနှံ့အပြားမှ တန်ဖိုးထားဝယ်ယူ အသုံးပြုလာကြသည်ဖြစ်ရာ သင်ဖျာလုပ်ငန်းတွင် အမျိုးသမီးများသာမက အမျိုး သားများပါ အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင် လာကြသည်။ ။
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အတွင်းရှိ စိတ်ဆန္ဒတူသူများ စုစည်းကာ ဖွဲ့စည်း ထားသည့် ပန်းဧရာစက်မှု၊ လက်မှု ကုန်ထုတ်သမ အသင်း၌ အသင်းသား ၄၀ ရှိသည့်အနက် အသင်း သားတစ်ဦးအနေဖြင့် အနည်းဆုံး အလုပ်သမားသုံးဦးမှ လေးဦးထိ ငှားရမ်းပြီး လက်ခစားစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာအသင်းသား ၄၀ မှ ခြောက် တောင်ညွန့်ရှယ်ဖျာ နှစ်ယောက်အိပ် အချပ် ၈၀၊ ခြောက်တောင်ရိုးရိုးဖျာငါးစိတ်အချပ်၁၀၀၊လေးတောင် ညွန့်ရှယ် တစ်ယောက်အိပ်အချပ် ၈၀ ၊ လေးတောင် ငါးစိတ်ဖြာ ကြမ်းချော အချပ် ၁၀၀ စုစုပေါင်း တစ်လ လျှင် ဖျာအချပ်ရေပေါင်း အချပ် ၃၆၀ခန့် ထုတ်လုပ် နိုင်ကြောင်း သိရသည်။
“အလုပ်သမားတွေတိုင်းက အသင်းဝင်တွေ တော့မဟုတ်ဘူး၊ လုပ်အားခနဲ့ လုပ်တဲ့သူတွေလည်း ရှိတယ်။ နေ့စားသဘောမျိုးပေါ့၊ မိသားစုလိုက် အိမ်မှာယူလုပ်ကြတဲ့ သူတွေလည်းရှိတယ်။ မိသားစု လိုက် ဝင်ငွေရကြတယ်။ ဖျာကြမ်းကလူတိုင်းခိုင်း လို့ရတယ်၊ ဖျာချောက အနုစိတ်တော့ လူတိုင်းမလုပ် တတ်တဲ့အတွက် အလုပ်သမားနည်းနည်းရှားတယ်” ဟုပန်းဧရာမှအတွင်းရေးမှူး ဒေါ်တင်တင်ခိုင်ကပြော သည်။
ပန်းဧရာမှ ထွက်ရှိသည့် ခြောက်တောင် နှစ်ယောက်အိပ်ဖျာ (ညွန့်ရှယ်နှစ်ဖက်ချော)၊ ခြောက်တောင် ငါးစိတ်ကြမ်းချောဖျာ၊ လေးတောင်တစ်ယောက် အိပ်ဖျာ(ညွန့်ရှယ်)၊ လေးတောင် ငါးစိတ်ဖျာ(ကြမ်းချော)မှသည် ဘုရားရှိခိုးဖျာများထိပင် သင်ဖျော့ဈေးကွက်၌ နေရာတစ်ခု အခိုင်အမာ ရရှိနေ ပြီဖြစ်သည်။
သင်ဖြင့် ပြုလုပ်သည့် ဦးထုပ်၊ ဖိနပ်၊ ပိုက်ဆံ အိတ်စသည့် အမှတ်တရ အသုံးအဆောင် ပစ္စည်း များသည်ပင် ပြည်တွင်း၊ ပြည်ပခရီးသွားတို့ နှစ်သက်စွာ ဝယ်ယူလာကြသည်။
“သင်ဆိုတာ ဒီဒေသမှာ ကျွန်တော်တို့ မမွေးခင်ကတည်းက ရှိနေတာ။ အဲ့ဒီတုန်းကတော့ ခေတ်အခြေအနေအရ သိပ်ပြီးကျယ်ကျယ်ပြန့်ပြန့်မရှိလှဘူး။ ခုခေတ်ကျတော့ လမ်းပန်းဆက်သွယ်ရေးက လည်းကောင်းလာ။ မြန်မာတစ်ပြည်လုံး သုံးလာကြတော့ အရောင်းအဝယ် ကောင်းလာတာပေါ့”ဟု ပန်းတနော်မြို့ကွက်သစ်(၁)နေ ဦးဝင်းမောင်ကပြော သည်။
အောင်မြင်သော လုပ်ငန်းတစ်ခု
ပန်းတနော်မြို့နယ်သည် သင်ဖျာလုပ်ငန်း တွင်သာမက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၄ အုပ်စုတွင်သင်ခြံစိုက်ပျိုးဧက ၁၀၅၂၆ ဧက ရှိပြီး ပန်းတနော်ဒေသမှ ထွက်ရှိသည့် သင်မှကုန်ကြမ်းများကို ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ ကျုံပျော်၊ ဟင်္သာတ၊ ကျောင်းကုန်း အစရှိသည့် အနီးအနားရှိ မြို့နယ်များနှင့် စစ်ကိုင်း၊ မန္တလေးစသော ဒေသများကပါ ဝယ်ယူမှုများရှိသည့်အတွက် သင်ခြံစိုက်ပျိုးရေးသည် ထိုမြို့နယ်၏ အောင်မြင်သော လုပ်ငန်း တစ်ခုဟု ဆိုနိုင်သည်။
“သင်စိုက်ဧကက သောင်းကျော်ရှိတယ်။ သင်က သုံးနှစ်တစ်ကြိမ်ခုတ်ယူနိုင်တဲ့အတွက် ကုန်ကြမ်းသင်မအစိုတွေ လိုသလောက် ဝယ်ယူနိုင်တယ်။
ကုန်ကြမ်းသင်ထွက်ရှိတဲ့ အချိန်မဟုတ်တဲ့ မိုးတွင်း ကာလမှာတောင် ကုန်ကြမ်းကိုသင်ခြောက်
လှောင်ထားတဲ့ သူတွေဆီကလိုသလောက် ဝယ်ယူနိုင်တဲ့အတွက် ဒီဒေသကဗျာအတွက် ကုန်ကြမ်းပြတ်လပ်မှုတော့မရှိပါဘူး” ဟုသင်ဖျာလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဝင်းမောင်က ပြောသည်။ ။
သင်ပင်စိုက်ပျိုးသည့်အချိန်မှ နောက်ဆုံး ကုန်ချောသင်ဖျာရက်လုပ် ပြီးစီးချိန်အထိ အချိန်၊ ငွေကြေးအရင်းအနှီးသာမက လုပ်သားအင်အား အများဆုံး စိုက်ထုတ်လုပ်ကိုင်ရသည်ဖြစ်ရာ ဒေသခံ များအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုများသည့် လက်မှုလုပ်ငန်း တစ်ခုဟုဆိုလျှင် မှားမည်မထင်ပေ။
“သင်ဖျာလုပ်ငန်းဆိုတာ အလုပ်သမားလည်း အကျိုးခံစားရတယ်၊ သင်ပင်စိုက်သူကစလို့ သင်ဖျာရက်လုပ်တဲ့ သူအထိအဆင့်ဆင့် ထိုက်သင့်တဲ့ သူ့လုပ်အားခနဲ့သူဆိုတော့ အဆင်ပြေပါတယ်။ ဒီလုပ်ငန်းနဲ့စားဝတ်နေရေး ဖြေရှင်းတဲ့သူတွေ ရှိသလို ကြီးပွားသွားတဲ့ သူတွေလဲရှိတယ်” ဟု ပန်းဧရာ စက်မှုလက်မှု ကုန်ထုတ်သမအသင်း လီမိတက်၏ဥက္ကဋ္ဌ ဦးလှိုင်ဝင်းကပြောသည်။
ကူညီပံ့ပိုးပေးလျက်ရှိ
ထို့ပြင် တိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်များဖြင့် အသက်မွေးဝမ်း ကျောင်းပြုသူများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်လာနိုင်ပြီး မိသားစုအလိုက် ဝင်ငွေများ ပိုမိုတိုးတက်ရရှိစေရန် အတွက် စိတ်တူ ဆန္ဒတူဖွဲ့စည်းထားသည့် ပန်းဧရာကဲ့သို့ သမဝါယမ အသင်းအဖွဲ့များအား လိုအပ်သည့် ငွေကြေးအရင်း အနှီး၊ နည်းပညာ၊ ဈေးကွက်များကို သမဝါယမ ဦးစီးဌာနမှ လည်းကူညီပံ့ပိုးပေးလျက်ရှိသည်။
တိုင်းဒေသကြီးသမအသင်းစုချုပ်မှ ဦးစော အင်ဒရူးပန်းက “သူတို့လိုအပ်တဲ့ အခါမှာအကြံဉာဏ် ပေးတယ်။ ငွေရေးကြေးရေးလိုအပ်တာတွေကို လည်း ဖြည့်ဆည်းပေးတယ်၊ ချေးငွေထုတ်ပေးတဲ့ အခါမှာလည်းတင်ပြလာတဲ့ ငွေကြေးအပိုင်းကို BOD အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ပေးတယ်။ စာချုပ် စည်းကမ်းနဲ့ မကိုက်ညီတဲ့သူတွေကိုဆက်မထုတ်ပေး ဘဲနဲ့ ရပ်တန့်ထားပြီးရအောင် တောင်းခံရတာတွေ လည်းရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးတစ်ခု တိုင်းလုံးမှာ အသေးစား စက်မှု လက်မှုလုပ်ငန်းတွေ အတွက် သမဝါယမကနေ ချေးငွေထုတ်ပေးတာက ချေးငွေ သိန်းပေါင်း ၃၀၀၀ ကျော်လောက်ရှိပါတယ်” ဟုပြောသည်။
ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှလည်း SME ချေးငွေများ၊ ပက်မြန်မာ၊ ပီဂျီအမ်အက်ဖ် စသည့် ပြင်ပအသေးစား ချေးငွေဌာနများနှင့် ချိတ်ဆက်ကာ ချေးငွေရရှိရေးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ကျွမ်းကျင်လုပ်သားများ ဖြစ်လာရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။ ။
“ပန်းတနော် နယ်တစ်ဝိုက် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့တခြား ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ အရင်းအနှီးနဲ့ ပတ်သက်လို့ ချေးငွေရရှိ ဖို့အတွက်လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစိုး နိုင်ထူးက ပြောသည်။
အခက်အခဲများရင်ဆိုင်ကြရ
ကမ္ဘာ့နိုင်ငံအသီးသီးရှိ စက်မှု၊ လက်မှုလုပ်ငန်း ကြီးများသည်ပင် ကိုဗစ်ကာလအတွင်း အခက်အခဲ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်ရာ ပုံမှန်ကာလမှာပင် အရောင်း အဝယ်သွက် ကုန်စည်မဟုတ်သည့် မြန်မာ့ထုတ်ကုန်လက်မှု လုပ်ငန်းဖြစ်သည့် သင်ဖျာလုပ်ငန်း ရပ်တည်ရေးသည် ငွေကြေးအရင်းအနှီး၊ အလုပ်သမား၊ ရောင်း၊ ဝယ် ဖောက်ကား ဖြန့်ချိနိုင်မှု စသည့်အခက်အခဲများကို ရင်ဆိုင်ကြရသည်။ သင်လုပ်ငန်းရှင်များ သာမက သင်ဖျာလုပ်ငန်းကို မှီခိုနေရသည့် မိသားစု များသည်လည်း အခက်အခဲများရင်ဆိုင်ကြရသည်။
“ပြီးခဲ့တဲ့ ကိုဗစ်ကာလတုန်းက တော်တော် လေး ခံခဲ့ရတာ၊ အလုပ်သမားတွေ လာလို့မရတော့ မလာကြဘူး၊ လုံးဝကို ရပ်ဆိုင်းလိုက်ရတဲ့ အခြေ အနေ၊ အလုပ်ကိုမဖြစ်တော့တာ။သမကို ပေးရမယ့် ငွေကိုခဏဆိုင်းငံ့ပေးထားတာရှိတယ်။ အဲ့ဒီအတွက် အသက်ရှူ၊ ချောင်သွားတာ၊ အခုဈေးကွက်အခြေအနေ ကသုံးနေကြသူတွေ အော်ဒါပြန်မှာတာရှိလာတယ်” ဟု ပန်းဧရာမှ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောသည်။
ထို့အတူသင်ငင်သည့် အလုပ်ကိုလုပ်ကိုင်သူ ဒေါ်ချိုချိုခိုင်က “တစ်နေ့ ခြောက်ထောင် လောက်ရတယ်၊ ကိုယ်တွေမရှိတဲ့သူ လက်လုပ် လက်စားဆိုတော့ ကိုဗစ်မှာအလုပ်က မနားတော့ မနားဘူး၊ ဒါပေမယ့် အလုပ်ပါးတယ်၊ အလုပ်ပြန် ဝင်တာ သုံးလလောက်ရှိပြီ” ဟုပြောသည်။
ပန်းဧရာစက်မှုလက်မှု ကုန်ထုတ်သမဝါယမ အသင်းအနေဖြင့် တစ်နှစ်လျှင် သင်ဖြူးဖျာ ရောင်းချရသည့် အမြတ်ငွေကျပ် ၈၄ သိန်းခန့်ရရှိပြီး အသင်းသားများ၏ သာရေး၊ နာရေး ကိစ္စများတွင် ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ် ၁၅ သိန်းနှင့် ၎င်းတို့၏သားသမီးများပညာသင်စရိတ် ထောက်ပံ့ခြင်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ် ၁၀ သိန်း လျာထားဆောင်ရွက်လျက်ရှိသည်။ ။
ထို့ပြင် အသင်းသား ၄၀ မှ ထုတ်လုပ်သည့် သင်ဖြူးဖျာများကို အသင်းအမှုဆောင်အဖွဲ့၏ အစီ အစဉ်ဖြင့် သင်ဖျာအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစု ချုပ်မှတစ်ဆင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်များသို့ ချိတ်ဆက် ရောင်းချအနားများတွင် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခြင်း၊
သင်ဖြူးဖျာထွက်ရှိခြင်းမရှိသည့် ဒေသများသို့ တင်ပို့ရောင်းချခြင်း၊ အညာဒေသဘုရားပွဲများတွင် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊ အသင်းအနေဖြင့် သင်ဖြူးဖျာဝယ်ယူလိုသော သမဝါယမအသင်း အချင်းချင်းချိတ်ဆက် ရောင်းချခြင်းတို့ဖြင့် ဈေးကွက် ထိုးဖောက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နိုင်ငံတော်မှ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်ရာ ကျေးလက်နေပြည်သူများနှင့် အခြေခံ လူတန်းစားများအတွက် သမဝါယမလုပ်ငန်းသည် ယခင်ကထက် အားကိုးအားထားပြုရာဌာနတစ်ခု ဖြစ်လာတော့ မည်မှာ ဧကန်မုချပင်။
စိမ်းခက်
ဓာတ်ပုံ - ကိုနေ