Skip to main content

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များ နေပြည်တော်သို့ ဆက်လက်ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်များသည် နေပြည်တော်သို့ ဆက်လက်ရောက်ရှိကြရာ ယနေ့တွင် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်များ ရောက်ရှိကြသည်။

“ဒီနှစ်မှာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲဝင် ၁၂၃ ဦးနဲ့ ဘာသာရပ် ၆၃ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အရင်နှစ်ကတော့ အတီးဘာသာရပ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ဆုတွေရရှိခဲ့တယ်။ အခုနှစ်လည်း ရွှေတံဆိပ်ဆုတွေ အများကြီး ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ပဲခူးတိုင်းဒေသကြီးက တာဝန်ရှိသူတွေကလည်း ထောက်ပံ့ကူညီမှုတွေ လိုအပ်ချက်မရှိအောင် စီမံ ဆောင်ရွက်ပေးတဲ့အတွက် ပြိုင်ပွဲဝင်ကလေးတွေက အားကြိုးမာန်တက် ကြိုးကြိုးစားစားနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ အုပ်ချုပ်သူ ဒေါ်နီနီ ဝင်းသန်းက ပြောသည်။

ထိုသို့ ရောက်ရှိလာသည့် ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိသူများက နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တတည်းခိုနေထိုင်ကြမည့် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ သတ်မှတ်ထားသည့် တည်းခိုဆောင်များတွင် နေရာချထားပေးကာ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးကြသည်။

အလားတူ ပြိုင်ပွဲယှဉ်ပြိုင်ရန် ရောက်ရှိနေသည့် ရှမ်းပြည်နယ်ကိုယ်စားပြု ကဗျာလွတ်အက ပြိုင်ပွဲဝင် မသွန်းသက်မှူးစံက “ကျွန်မက ရှမ်းပြည်နယ်ကိုယ်စားပြု ကဗျာလွတ်အကအဖွဲ့ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုနှစ်နဲ့ဆိုရင် ဝင်ရောက်ယှဉ်ပြိုင်တာ လေးနှစ်ရှိပါပြီ။ ပြိုင်ပွဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ တွေ့ဆုံခွင့်ရတာက အတွေ့အကြုံတွေ၊ ဗဟုသုတတွေ အများကြီးရတဲ့အတွက် အင်မတန်ပျော်ရွှင်မိပါတယ်။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုတင် ပြင်ဆင်လေ့ကျင့်မှုတွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောသည်၊၊

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၌ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်