နေပြည်တော် ဇူလိုင် ၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၆၉)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ထူးချွန်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟို ဘဏ်(နေပြည်တော်) ဇမ္ဗူသီရိခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နံနက် ၁၀ နာရီတွင် ကျင်းပရာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ဇနီးဒေါ်ခင်သွယ်သွယ်မြင့်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ သပြေအေးမိုးကုတ်ဝိပဿနာရိပ်သာ ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူခြင်း၊ ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ဆရာတော် သံဃာတော်များ ထံသို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် သာဓု အနုမောဒနာ တရားချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၆၉)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုပေးပွဲကို မွန်းလွဲ ၃ နာရီခွဲတွင် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အငြိမ်းစားဝန်ထမ်းဟောင်း များအသင်း ရန်ပုံငွေသို့ ကနဦးထောက်ပံ့ ငွေကျပ်သိန်း(၅၀)ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(ငြိမ်း) ဦးနေအေးသို့ လည်းကောင်း၊ ဝန်ထမ်းများအတွက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီးမြှင့်ငွေအား ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်သို့ လည်းကောင်း၊ အရာထမ်း/အမှုထမ်းများ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ငွေအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမင်း ကိုလည်းကောင်း၊ သုတေသန စာတမ်းဖတ်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် အရာထမ်းများအား လည်းကောင်း ဆုချီးမြှင့်ပေးခဲ့ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌဇနီး ဒေါ်ခင်သွယ်သွယ်မြင့်က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝတ်ရွတ်အသင်းအတွက် ဂုဏ်ပြုဆုငွေ ကိုလည်းကောင်း၊ အားကစားထူးချွန်ဆုများကို ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်ကျော်သန်းနှင့် ညွှန်ကြားရေးမှူးချုပ် များက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)