နေပြည်တော် ဇူလိုင် ၁
ပထမအကြိမ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တံခွန်စိုက်ဒိုင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံတွင် ကျင်းပသည်။
ပြိုင်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်း မိသားစုဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ အမျိုးသား(၃)ယောက်တွဲ/ အမျိုးသား(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အသင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်းဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး နောက်ခံကစားသမားဆု၊ ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ အကောင်းဆုံး အားကစားသမားဆုများ၊ တတိယဆုရရှိသော အကျဉ်းဦးစီးဌာန၊ အမျိုးသား(၂)ယောက်တွဲအသင်းတို့ကို တပ်ဖွဲ့/ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ် များကလည်းကောင်း၊ တတိယဆုရရှိသော မီးသတ်ဦးစီးဌာန၊ အမျိုးသား (၃)ယောက်တွဲအသင်းကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လည်းကောင်း၊ ဒုတိယဆုရရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမျိုးသား (၂)ယောက်တွဲ အသင်းကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမျိုးသား (၃)ယောက်တွဲအသင်းကို ဒုတိယဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင် (ရဲချုပ်)ကလည်းကောင်း၊ အမျိုးသမီး(၂)ယောက်တွဲ ပိုက်ကျော်ခြင်း သရုပ်ပြယှဉ်ပြိုင် ကစားသည့် အမျိုးသမီး(၂)ယောက်တွဲအသင်းကို ပြည်ထောင်စုဝန်ကြီး ၏ ဇနီး ဒေါ်နီလာစိန်က လည်းကောင်း၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပထမ တံခွန်စိုက်ဒိုင်းဆု ရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသား (၂) ယောက်တွဲအသင်းနှင့် ပထမတံခွန်စိုက်ဒိုင်းဆု ရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသား(၃) ယောက်တွဲအသင်းတို့ကို တံခွန်စိုက်ဒိုင်းဆု၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှဒိုင်(၇)ဦးကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)