Skip to main content

သင်တန်းကျောင်းအသီးသီးရှိ အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များနှင့်စပ်လျဉ်း၍ တရားစွဲ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဇူလိုင် ၁

 

သင်တန်းကျောင်းအသီးသီးရှိ အမှုရင်ဆိုင်ဆဲကလေးသူငယ်များနှင့် စပ်လျဉ်း၍ တရားစွဲအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အချို့ သင်တန်းကျောင်းများတွင် နေရာ၊ ဒေသအနေအထားအရ နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များ ဆောင်ရွက်ပေးရာတွင် အခက်အခဲ များရှိသော်လည်း အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါကြောင်း။

ယခု ကိုဗစ်-၁၉ ကာလအတွင်း သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များအတွက်  တရားရုံးမိန့်များ အမြန်ဆုံး ချမှတ်ပေးနိုင်ရန် သက်ဆိုင်ရာတရားစွဲ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန်လို အပ်ပါကြောင်း။

သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များအလိုက် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်များနှင့် စပ်လျဉ်း၍ သင်တန်းကျောင်း သို့မဟုတ် ယာယီ စောင့်ရှောက်ရေး ဂေဟာများဖွင့်လှစ်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် ပြဋ္ဌာန်းထားရှိသော်လည်း လိုအပ်ချက်အပေါ် မူတည်၍ လည်းကောင်း၊ ကလေးသူငယ်များအနေဖြင့် အနီးစပ်ဆုံး တရားရုံးများတွင် အမှုရင်ဆိုင်နိုင်ရေး အတွက်လည်းကောင်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းအသီးသီးမှ အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များအတွက် စီမံချက်ရေးဆွဲ၍ လက်တွေ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ပြီး ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြည့်ဆည်းပံ့ပိုးပေးရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြင်ဆင်ရာတွင် အလွှာပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကလေးသူငယ်များအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၊ သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံများ၊ ကျောင်းအုပ်များက  သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)