Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှု

နေပြည်တော် ဇူလိုင် ၁

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လေဆိပ် ဝန်ထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနဝန်ထမ်းများသည် နိုင်ငံတော်လုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်စပ်ဆောင်ရွက်ရပြီး ပြည်သူကို ဝန်ဆောင်မှုပေးရသူများ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျော့သည့်အခါ လေကြောင်းလိုင်းများ ခွင့်ပြုပြီး ပြည်တွင်း/ပြည်ပခရီးသွားများ ပြန်လည်များပြား လာနိုင်သည့်အတွက် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ယခုကာလတွင် လုပ်ငန်းဆိုင်ရာ စက်ကိရိယာများ ပြည့်စုံရေးနှင့် ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေး ဆောင်ရွက်ကာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် အစဉ်လေ့ကျင့်ဆောင်ရွက်နေကြရန် လိုအပ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများ အခြေအနေနှင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်/ထွက်ခွာမှု၊ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ ကောင်တာ၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival – VOA) ကောင်တာ၊ ဆာဘာခန်းနှင့် ပြည်ပဆိုက်ရောက်ကောင်တာတို့ကို  ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)