Skip to main content

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ လူသတ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်မှုနှင့် ဓားထိုးမှုကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော် ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်သပြေ(၁)လမ်းနေ သက်လင်းထွန်း(ခ)လင်းလင်း(ခ) ဘယ်လေး(ဘ) ဦးတင်ရွှေ သည်   မတ် ၁၄ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ဟန်ဦး၊ နွယ်ထွန်း၊ ဖိုးသင်္ကြန်၊ ကြံ့ကြီး(ခ) ကျော်မိုးထက်၊ ဇော်မျိုးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ)ဝတုတ်၊ ထွန်းထွန်းအောင်(ခ) ဘိုထွန်း(ခ)ဂျပန်ကြီး(ခ)ဝင်းနိုင် တို့ ခေါင်းဆောင်သည့်လူစု နှင့်အတူ အဆိုပါရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသန်းဦး(ခ)ဦးမြင့်ဌေး နှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား ဒလန်သတင်းပေးဟု စွတ်စွဲပြောဆိုခြိမ်းခြောက်၍ တုတ်၊ ဓား၊ သံတုတ်များဖြင့် ရိုက်နှက်ခြင်း၊ အုတ်ခဲကြိုးများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး လမ်းဘေးတွင်ရှိသော တာယာကွင်း အဟောင်းများပေါ်တင်၍ ဓာတ်ဆီဖျန်းမီးရှို့ သတ်ဖြတ်ခဲ့ကြသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်အတွက် စစ်အုပ် ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၀၂(၂)/၁၁၄  အရ ၎င်းအား ဇွန် ၂၉ ရက်တွင် “အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သုဓမ္မာလမ်း၌ ဦးမျိုးညွန့်အောင် အား မေ ၃၀ ရက် ည ၇ နာရီခွဲခန့်တွင် သီဟ(ဘ)ဦးမြင့်သိန်း က ဒလန်ဟု စွပ်စွဲခြိမ်းခြောက်ကာ အသင့်ပါလာသည့် စတီးခေါက်ဓားဖြင့် ဦးမျိုးညွန့်အောင် အား ထိုးခဲ့သည့်အတွက် ဦးမျိုးညွန့်အောင်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပေါ် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၀၇  အရ ၎င်းအား ဇွန် ၂၉ ရက်တွင် “အလုပ်နှင့် ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်