Skip to main content

ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ၏ အင်တာဗျူး မေးမြန်းချက်များအပေါ် ဖြေဆိုချက်များ

မေး ။ ။ ဗိုလ်ချုပ်ကြီးရှင့်။ ဗိုလ်ချုပ်ကြီးအနေနဲ့ စစ်ဘက်နှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး ကဏ္ဍတွေမှာ နိုင်ငံတကာနှင့် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံကောင်း များစွာရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေမှာလည်း အောက်ခြေ ဝန်ထမ်းဘဝမှ ယခုလို အကြီးအကဲ ရာထူးထိ တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။ ဒီလို ဘဝလမ်းခရီးမှာ မြန်မာနိုင်ငံဆိုတာကို သိကျွမ်းခွင့်ရခဲ့တာ ဘယ်လောက်ကြာပါပြီလဲ။ မြန်မာနိုင်ငံကို ပထမဆုံးရောက်ခဲ့စဉ်က ဘာကို အမှတ်တရ ရှိနေပါသလဲ။

ဖြေ ။ ။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံအကြောင်းကို ရင်းနှီး သိကျွမ်းခဲ့တာဟာဆိုရင် ဆယ်စုနှစ် တစ်ခုကို ကျော်ခဲ့ပါပြီ။ ၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ပြီး သာယာလှပတဲ့ မြန်မာနိုင်ငံရဲ့ အလှအပက ပထမဆုံး အကြိမ်မှာတင် ကျွန်တော့်ကို အလွန် နှစ်သက် သဘောကျစေပါတယ်။

ကျွန်တော် အခုအချိန်ထိ အမှတ်ရ နေတာတစ်ခုကတော့ လေယာဉ် ဆင်းသက်ခါနီးမှာ နေရောင်ကြောင့် ရွှေရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ဘုရားပုထိုးတွေကို လှမ်းမြင်နေရတာ ပါပဲ။ တစ်ချိန်တည်းမှာပဲ ဘာဖြစ်လို့ မြန်မာနိုင်ငံကို ရွှေရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ရွှေမြန်မာနိုင်ငံလို့ ခေါ်လဲ ဆိုတာကို နားလည်သဘောပေါက်ခဲ့ပါတယ်။ ပြီးတော့ ရွှေတိဂုံစေတီတော်ကို သွားရောက် လေ့လာတဲ့ အခါမှာလည်း အံဩစရာကောင်းလောက်အောင် ကမ္ဘာ့ အဆင့်အတန်းမီ ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်ပြီးစေတီတော်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် အင်းလေးဒေသမှာ နေထိုင်သူတွေရဲ့ နေထိုင်မှုပုံစံနဲ့ အင်းလေးကန် အလှ၊ သစ်ပင်ပန်းပင်များနဲ့ အလှဆင်ထားတဲ့ အေးချမ်းသာယာလှတဲ့ ပြင်ဦးလွင်မြို့ရဲ့ အလှ၊ လူနေမှုအဆင့် အတန်းမြင့်မားတဲ့ မန္တလေးမြို့နဲ့ ရန်ကုန် မြို့ရဲ့အလှ၊ ရန်ကုန်မြို့မှာရှိတဲ့ (၁၉) ရာစုနှစ်က သမိုင်းဝင်အဆောက်အအုံများ စတာတွေကို အခုချိန်ထိ အမှတ်ရနေတုန်းပါပဲ။

အမြဲတမ်း ရင်ထဲထိစွဲနေအောင် အမှတ်ရနေတာကတော့ မြန်မာလူမျိုးတွေရဲ့ ပွင့်လင်းမှု၊ ဖော်ရွေမှု၊ ရိုးသားမှု၊ ယဉ်ကျေးမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေပဲ ဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေကတော့ ဗိုလ်ချုပ်ကြီး သိရှိထားပြီး ဖြစ်တဲ့အတိုင်းပါပဲ။ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာခဲ့တာဟာ ဆိုရင်လည်း ဗိုလ်ချုပ်ကြီးတို့ သိရှိထားပြီးသလို နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူပြီး ဆောင်ရွက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ယခုလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် တာဝန် လွှဲပြောင်း ထမ်းဆောင်ခဲ့ရသည်ကို မလိုလားသူများလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ၎င်းတို့ထဲက အများစုဟာ CDM လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးအနေနဲ့ နိုင်ငံရေးခံယူချက်ကြောင့် ဆေးရုံဆေးခန်းတွေ ပိတ်ပစ်ရအောင်လုပ်ခဲ့တဲ့ CDM ဆရာဝန်တွေနဲ့ ပတ်သက်ပြီး ဘာများမှတ်ချက်ပေး လိုပါသလဲ။

ဖြေ ။ ။ ကျွန်တော့်အနေနဲ့ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ သုံးသပ်ဖို့ ကျွန်တော့်မှာ အခွင့်အရေးမရှိပါဘူး။ တစ်ဖက်က ကြည့်မယ် ဆိုရင် အေးချမ်းစွာနေလိုတဲ့ ပြည်သူလူထုတွေ၊ တာဝန်သိ အစိုးရဝန်ထမ်းတွေ၊ မိမိ အလုပ်ကို တန်ဖိုးထားသူတွေကို ခြိမ်းခြောက်၊ ညှဉ်းပန်းနှိပ်စက်၊ နှောင့်ယှက်တဲ့ လုပ်ရပ်တွေကို ဘယ်နိုင်ငံ ဘယ်အစိုးရမှ လက်မခံပါဘူး။ ဒီလို လုပ်ဆောင်ခြင်းဟာလည်း စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းဆိုတာက လူ့အသက်နဲ့ လူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက် ကာကွယ်ပေးတဲ့ လွန်စွာ မြင့်မြတ်သော အလုပ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေဟာ မေတ္တာနဲ့ ကရုဏာထားပြီး လူသားတွေအပေါ် ဂရုစိုက်မယ်ဆိုရင် ပိုမိုကောင်းမွန်ပါတယ်။ အခုလို တစ်ကမ္ဘာလုံး ကပ်ရောဂါဆိုက်နေချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေဟာ မိမိကိုယ်တိုင်က တက်ကြွစွာနဲ့ လူသားတွေကို ပိုမိုကူညီ သင့်တယ်လို့မြင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ ကောင်းမွန်စွာ လေ့ကျင့်သင်ကြားထားပြီးတဲ့ လူတွေ ဖြစ်တယ်၊ မိမိပရော်ဖက်ရှင်နယ်ကိုလည်း ယုံကြည်ချက် ခံယူချက် မြင့်မားစွာထားတဲ့ လူတွေ ဖြစ်တာရယ်၊ တိုင်းသူ ပြည်သားတွေအတွက်လည်း လိုအပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိစွာဖြင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု များနဲ့ ပတ်သက်ပြီး လက်ရှိကမ္ဘာ့မီဒီယာများမှာ အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောဆို ရေးသားဖော်ပြ နေကြတာကို တွေ့မြင်နေရပါတယ်။ ဒီလိုရေးသားကြသူများ အနက်မှာ ရုရှားနိုင်ငံက အစိုးရပိုင်နဲ့ အစိုးရမဟုတ်တဲ့ မီဒီယာတွေရဲ့ ရေးသား ဖော်ပြချက်တွေဟာ အခြားနိုင်ငံတွေရဲ့ မီဒီယာများနဲ့မတူဘဲ ဘက်မလိုက်တဲ့ အမြင်နဲ့ သမာသမတ်ကျကျ ရေးသား ဖော်ပြကြတာကို တွေ့မြင်ဖတ်ရှုမှတ်သား ခဲ့ရပါတယ်။ မိမိတို့မြ၀တီမီဒီယာအနေနဲ့လည်း မြဝတီသတင်းစာမှာ ရုရှားနိုင်ငံ မီဒီယာများမှာ ရေးသားဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတွေကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ဖတ်ရှုနိုင်ဖို့အတွက် ဘာသာပြန်ဆိုပြီး ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ရုရှားနိုင်ငံရဲ့ မြန်မာ့နိုင်ငံရေး အပေါ် ရပ်တည်ချက်နဲ့ ထင်မြင်ယူဆချက်များကို ယခုလို အခွင့်အခါ ကြုံကြိုက်တုန်းမှာ မေးမြန်းလိုပါတယ်။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ် သလို နိုင်ငံရေးအပြောင်းအလဲကြောင့်လည်း စိန်ခေါ်မှုတွေ များစွာကြုံတွေ့နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင် နေတယ်လို့လည်း သိရပါတယ်။ ပြည်တွင်းတည်ငြိမ်မှု ရရှိလာရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ ပေးပြီးတော့ အနိုင်ရတဲ့ပါတီကို တိုင်းပြည်အာဏာ ပြန်လည် လွှဲပြောင်းပေးမယ် လို့လည်း သိရှိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပရဲ့ စီးပွားရေး ပိတ်ဆို့မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရပေမယ့်လည်း အဲ့ဒီအချိန်က တပ်မတော်အစိုးရက ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

အနောက်နိုင်ငံ မီဒီယာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအကြောင်းကို ဖြစ်ပေါ်နေတဲ့ အခြေအနေကို မချပြဘဲ သူတို့စိတ်ကြိုက် ဖော်ပြနေတယ် ဆိုတာက မထူးဆန်းပါဘူး။ အနောက် မီဒီယာတွေက စိတ်ကူးယဉ်ဆန်ဆန် လုပ်ဆောင်ကြတယ်။ တကယ်ဖြစ်ပျက် နေတာကို မြင်ချင်မှလည်း မြင်တယ်။ ဒါပေမယ့် မရှိတဲ့အရာကိုလည်း ပုံကြီးချဲ့ ရေးသားတတ်တာက သူတို့ရဲ့ အကျင့်ပဲလေ။ ကူးစက်ရောဂါတွေ ဖြစ်ပွားနေချိန်မှာ စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာတာကလည်း လူတွေရဲ့ စားဝတ် နေရေးကို ပိုမိုအခက်တွေ့စေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့ အနောက်နိုင်ငံက ပိတ်ဆို့မှုတွေ ပြုလုပ်လို့ မရနိုင်တဲ့ နည်းတွေကို စဉ်းစားရမယ်။ ရုရှားနိုင်ငံကိုလည်း စီးပွားရေးပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင် လာတာလည်း တွေ့ရတယ်။

ဘယ်လိုပဲ ပြည်တွင်းရေး၊ နိုင်ငံရေး အခက်အခဲတွေ တွေ့ကြုံနေရလည်း မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံဟာ မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့အတိုင်း နှစ်နိုင်ငံ တပ်မတော်အကြား အပြန်အလှန် ကူညီမှုတွေရှိတယ်။ ဒါ့အပြင် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး နယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်၊ အားကစားနယ်ပယ်တို့မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို လုပ်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။

မေး ။ ။ ၁၉၄၅ ခုနှစ်တုန်းက ရုရှားဟာ နယ်ချဲ့ဖက်ဆစ်စနစ်ကို ဥရောပတိုက်မှာ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း တပ်မတော်ဟာ နယ်ချဲ့ ဖက်ဆစ်ကို တိုက်ထုတ်ပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်စကိုမြို့မှာ ၂၀၂၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ကျင်းပ တဲ့အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး အနေနဲ့လည်း နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ (၇၆) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်သည် အမိမြေ ငြိမ်းချမ်းရေး အတွက် အာမခံချက်တစ်ခု ပဲဖြစ်ပါတယ်။ ဒီအချက်ကို သမိုင်းဖြစ်စဉ်တွေက သက်သေထူပေးနိုင် ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေကြားမှ အာရှပစိဖိတ်ဒေသတွင်း ခေတ်သစ်ပထဝီဝင် နိုင်ငံရေး အခင်းအကျင်းတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်စွာဖြင့် ကြံ့ကြံ့ခိုင် ရပ်တည်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ မြန်မာနိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စုမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ တူညီတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ၁၉၄၂ ခုနှစ်မှာ ဖက်ဆစ်ကျူးကျော်သူ ဂျပန်တွေ သိမ်းပိုက်ခဲ့တဲ့ မြန်မာနိုင်ငံကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တွေကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နိုင်ခဲ့တယ်။ ဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဖက်ဆစ်ကို အတူတူ တွန်းလှန်တိုက်ထုတ်ခဲ့တဲ့ သမိုင်းပဲ။ ဒီလို သမိုင်းကြောင်းမျိုးကို မေ့ပစ်လို့မရပါဘူး။ ။

လက်ရှိကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေ ဖြစ်နေတာအတွက် နိုင်ငံတိုင်းက ကြုံလာနိုင်တဲ့ စိန်ခေါ်မှု အသစ်အသစ်တွေ၊ ခြိမ်းခြောက်မှုတွေ၊ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ် လို့ထင်တယ်။ မြန်မာနိုင်ငံဟာ ပစိဖိတ် သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကြား တည်ရှိနေပြီး အရှေ့တောင် အာရှရဲ့ အကြီးဆုံး ကုန်းတွင်းပိုင်းနိုင်ငံဖြစ်တယ်။ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကတော့ အာရှ-ပစိဖိတ် ဒေသတွင်းကိစ္စတွေကို ပါဝင်လိမ့်မယ်လို့ မထင်ပါဘူး။ နိုင်ငံတကာဆက်ဆံရေးမှာ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်း စေရန်အတွက် အပြန်အလှန် ကူညီပေး နိုင်တဲ့ မဟာမိတ်နိုင်ငံတွေ ဖွဲ့ရတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားနဲ့ မဟာမိတ် နိုင်ငံအဖြစ် အမြဲယုံကြည်လို့ရတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထဝီအနေအထားအရ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်စီးဆင်း မှုများမှာ မဟာဗျူဟာမြောက်အနေ အထားမှာ ရှိခြင်းကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာရှပစိဖိတ်ဒေသတွင်း မဟာဗျူဟာမြောက် အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားလာ ကောင်းတွေ များစွာရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ ။

မေး ။ ။ မြန်မာနိုင်ငံဟာဆိုရင် နိုင်ငံရဲ့ အနောက်ဘက် နယ်နိမိတ် တစ်လျှောက် အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ် နေပြီး ပစိဖိတ်ဒေသ၏ အနောက်ဖျား အစွန်းတစ်နေရာမှာ ပထဝီဝင်နိုင်ငံရေးအတွက် အရေးပါသည့် နိုင်ငံတစ်ခုအဖြစ် ဖြစ်တည်လျက်ရှိပါတယ်။ အမေရိကန် နိုင်ငံအနေနဲ့ ဒီဒေသတွင်းမှာ ပထဝီဝင် နိုင်ငံရေး အင်အားစုအသစ်များ ဖော်ဆောင်ဖွဲ့စည်းလျက် ရှိနေပါတယ်။ အင်ဒိုပစိဖိတ်မဟာမိတ်နိုင်ငံများ ဖွဲ့စည်း ခြင်းကို သာဓကတစ်ခုအနေဖြင့် တွေ့မြင် နိုင်ပါတယ်။ ဒီအင်ဒိုပစိဖိတ်မဟာမိတ် အဖွဲ့ နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဘယ်လိုမြင်ပါသလဲ။ မြန်မာက ဒီအခင်း အကျင်းတွေကြားမှာ ဘယ်လိုပါဝင်လာ နိုင်ပါသလဲ။ ရုရှား-မြန်မာ နှစ်နိုင်ငံ စစ်ဘက်နှင့် စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက် အရှိန်အဟုန်တိုးမြှင့်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်သွားလို့ ရနိုင်ပါသလား။ ဒီလို အခြေအနေမှာဘာတွေ လုပ်သင့်ပါသလဲ။

ဖြေ ။ ။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေကတော့ အာရှ-ပစိဖိတ်အရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတာကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရဲ့ အဓိက အချက်အချာ နေရာဟာ သဘာဝသယံဇာတများနဲ့ သယ်ယူပို့ဆောင်ရေး အခွင့်အလမ်း များစွာရှိတဲ့ အရှေ့တောင်အာရှ ဒေသ ရပ်ဝန်းဖြစ်နေလို့ ဖြစ်ပါတယ်။ အဓိက ကတော့ အာရှ-ပစိဖိတ်ဒေသကို စိုးမိုး နိုင်ရင် စီးပွားရေးကောင်းမွန်စွာ တိုးတက်လာမှာဖြစ်တယ်။

အမေရိကန်နိုင်ငံအနေနဲ့ အင်ဒိုပစိဖိတ်ဒေသအတွင်း လွတ်လပ်ခွင့် ခေါင်းစဉ်နဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး၊ ပင်လယ်ရေကြောင်းနဲ့ လေယာဉ်ပျံသန်းနိုင်ရေး လွတ်လပ်စွာ သွားလာနိုင်ရေးကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိတယ်။ အမှန်တကယ် နောက်ကွယ်မှာ သူတို့လိုချင်နေတာ ကတော့ ဒေသတွင်း လှုပ်ရှားမှုများကို ထိန်းချုပ်ခြင်းဖြင့် စီးပွားရေးအရ အကျိုးအမြတ်များရမည့်အပြင် ပထဝီ အနေအထားအရ စစ်ရေးမဟာဗျူဟာမြောက်တဲ့နေရာကို ပိုင်ဆိုင်လိုခြင်းလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး နီးစပ်တဲ့ နိုင်ငံများမှ အပြန်အလှန် ဆက်သွယ်မှုဖြင့် ဆုံးဖြတ် ကိုင်တွယ်ဖြေရှင်းနေပါတယ်။

ဒေသတွင်းကိစ္စရပ်များကို အနောက် အုပ်စုများ ပါဝင်ပတ်သက်နေခြင်းက အာဆီယံနိုင်ငံတွေရဲ့ အရည်အသွေးကို ကျဆင်းစေပြီး ဒေသတွင်းလုံခြုံမှုကို လည်း ထိပါးစေပါတယ်။ ဒါ့အပြင် ဒေသ တွင်း နိုင်ငံများချိတ်ဆက်လုပ်ဆောင်မှု ကို အင်အားလျော့နည်းစေပြီး ပဋိပက္ခ များကို ပိုပြီးဖြစ်စေပါတယ်။

ဒေသတွင်းနိုင်ငံအချင်းချင်း ပဋိပက္ခတွေ ပိုများပြားလာလေနိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားလာမှာ ဖြစ်တယ်။ ဆီးရီးယားက အကြမ်းဖက် သမားများ ပြန်လည်ပေါ်ထွက်လာခြင်း ကတော့ အာရှ-ပစိဖိတ်ဒေသအတွင်း ပဋိပက္ခများနဲ့ သက်ဆိုင်မှု မရှိပါဘူး။

ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုက မြန်မာနိုင်ငံအပေါ် များစွာ မူတည်နေပါတယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကောင်းဆုံး ကာကွယ်ထားရန် လိုအပ်ပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ရေပိုင်နက်လုံခြုံရေးအတွက် ရုရှားနိုင်ငံက အပြည့်အဝ ကူညီပေးရန် အသင့်ရှိပါတယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်နိုင်ပြီး စစ်ဘက် ဆိုင်ရာ နည်းပညာများကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် အသင့် ရှိပါတယ်။ ဒါ့အပြင် ခေတ်မီလက်နက် များကိုလည်း ထောက်ပံ့ကူညီပေးရန် အဆင်သင့် ရှိပါတယ်။

ယနေ့ခေတ် မြန်မာ့တပ်မတော်က ဒေသတွင်းအရေးတွေမှာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်မီ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထားဖို့ လိုအပ်ပြီး မြန်မာ့တပ်မတော် အတွက်လည်း အမှန်တကယ် အသုံးဝင်မှာ ဖြစ်ပါတယ်။ အင်အားတောင့်တင်းတဲ့ တပ်မတော် တစ်ရပ် ရှိနေခြင်းဟာ တိုင်းပြည်ကို လုံခြုံမှုအရှိဆုံးပေးနိုင်တဲ့ သော့ချက် ဖြစ်တယ်။

မေး ။ ။ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ လက်ရှိ ရုရှား နိုင်ငံက လက်ခံကျင်းပပြုလုပ်နေတဲ့ International Army Games လို ပြိုင်ပွဲတွေ၊ မဟာဗျူဟာမြောက် စစ်ရေး လေ့ကျင့်ခန်း အခမ်းအနား တွေမှာ မြန်မာ့တပ်မတော် ကိုယ်စားပြုအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိနေပါတယ်။ အဲ့ဒီလို ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲတွေကို ရုရှားနိုင်ငံအတွင်းမှာသာမကပဲ ပြိုင်ပွဲဝင် နိုင်ငံများအတွင်းထိပင် အချို့သော ကစားနည်းများကို လက်ခံကျင်းပစေဖို့ ရုရှားဘက်က စီစဉ်ဆောင်ရွက်နေတာ ကိုလည်း သတိပြုမိပါတယ်။ မြန်မာနိုင်ငံ ဟာလည်း ပြိုင်ပွဲဝင် နိုင်ငံတစ်ခုဖြစ်သည့် အတွက် မြန်မာနိုင်ငံမှာရော လက်ခံ ကျင်းပပေးဖို့ ကစားနည်းအသစ်တွေ ကမ်းလှမ်းလာဖို့ အစီအစဉ် ရှိ/မရှိနဲ့ ဘယ်လိုကစားနည်းမျိုးဆိုရင် မြန်မာ့ ရေမြေတောတောင်နဲ့ ကိုက်ညီနိုင်တယ်လို့ ထင်ပါသလဲ သိလိုပါတယ်။

ဖြေ ။ ။ နှစ်နိုင်ငံ ဆက်ဆံမှုများ တိုးတက်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ များစွာ လုပ်ဆောင်ခဲ့ပါတယ်။ Tank Biathlon Army of culture i Airborne platooni Sea cup sniper frontier military medical realy စတဲ့ ပြိုင်ပွဲတွေမှာ မြန်မာ့တပ်မတော် ပါဝင်ဆင်နွှဲတာတွေ ကလည်း အထူးပင် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။

ဒီနှစ်အတွက်ပြိုင်ပွဲကို ပြည်နယ် ၁၃ ခုမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲကျင်းပတဲ့ နေရာများကို ပိုချဲ့ထွင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ပြိုင်ပွဲမှာ ဘယ်နှခုလောက် ပါဝင်ဆင်နွှဲနိုင်မလဲ ဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်နေပါတယ်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာတယ် ဆိုတာကို Kavkaz 2020 မှာ မြန်မာ့တပ်မတော်မှ ပါဝင်ဆင်နွှဲခြင်းဟာ သက်သေပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ရုရှား- ဘီလာရုစ် ပူးတွဲစစ်ဆင်ရေး လေ့ကျင့်ခန်းတွေမှာလည်း ပါဝင်ဆင်နွှဲမှု ကို စောင့်မျှော်နေပါတယ်။ အခုလိုမျိုး ပါဝင်ဆင်နွှဲခြင်းတွေက မြန်မာ့ တပ်မတော်နဲ့ ရုရှားလူမျိုးများအကြား ရင်းနှီးမှုကို ပိုမိုခိုင်မာစေပါတယ်။

မေး ။ ။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဦးစီးကျင်းပတဲ့ အခမ်းအနားတွေကို မြန်မာ့တပ်မတော် ဘက်ကို ကိုယ်စားလှယ်အဖွဲ့ တက် ရောက်နိုင်ဖို့အတွက် အစဉ်အမြဲ သတိ တရနဲ့ တလေးတစား ဖိတ်ကြားသလိုပဲ အခြားသော ရုရှားနိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ အရောင်းပြပွဲနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ၊ ယဉ်ကျေးမှုဆိုင်ရာပြပွဲ ပြိုင်ပွဲတွေမှာလည်း မြန်မာနိုင်ငံအစိုးရ ဘက်က သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့တွေသာမက အရပ် ဘက် စိတ်ပါဝင်စားသူ စီးပွားရေး လုပ်ငန်းရှင်တွေပါ လာရောက်လေ့လာ နိုင်ရေး ဖိတ်ကြားသွားဖို့ အစီအစဉ် ရှိ/ မရှိ သိလိုပါတယ်။ ။

ဖြေ ။ ။ ရုရှား- မြန်မာယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုကို ဖွံ့ဖြိုးတိုးတက်စေဖို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းက အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အခုက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ရုရှားနိုင်ငံသို့ ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အများပြည်သူ သွားလာမှုအတွက် သယ်ယူပို့ဆောင်ရေးဌာနက တာဝန်ရှိသူတွေ၊ မြေအောက်မီးရထား ဆိုင်ရာ နည်းပညာနယ်ပယ်က တာဝန်ရှိသူတွေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာရှင်တွေ၊ ဆေးပညာ နယ်ပယ်က ခေတ်မီနည်း ပညာများ စတာတွေကို လေ့လာကြည့်ရှုခဲ့ပြီး ဖြစ်ပါတယ်။

စီးပွားရေးနယ်ပယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ၊ သတ္တုတွင်း စီမံကိန်းတွေကို ပူးပေါင်း လုပ်ဆောင်ရန် မျှော်လင့်ပါတယ်။

ယဉ်ကျေးမှုနယ်ပယ်မှာဆိုရင် ရုရှားမြန်မာ ချစ်ကြည်ရေးဥက္ကဋ္ဌ ကိုယ်တိုင် ခရီးစဉ်မှာပါဝင်ပြီး ချစ်ကြည်ရေး ဆိုင်ရာ လုပ်ငန်းတွေကို ဆွေးနွေး တိုင်ပင်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ရှေ့ဆက် ရုရှား - မြန်မာ ချစ်ကြည်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့် ပါတယ်။

မေး ။ ။ မြန်မာ့တပ်မတော်မှ သင်တန်းသား အများအပြားဟာ ရုရှား နိုင်ငံရဲ့ စစ်ဘက်၊ အရပ်ဘက် တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာ သင်ယူတတ်မြောက်ခဲ့ကြပြီး ၎င်းတို့ အမိနိုင်ငံကို ပြန်လည် ရောက်ရှိတဲ့ အချိန်မှာလည်း မိမိတို့ သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်တွေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန် အပါအဝင် တိုင်းကျိုးပြည်ပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက် ရှိကြပါတယ်။ ဒီလို လက်တွေ့နယ်ပယ်မှာ ထူးချွန်စွာ အောင်မြင်မှုတွေရရှိကြတဲ့ ရုရှားနိုင်ငံက မွေးထုတ်ပေးလိုက်တဲ့ ပညာရှင်များ အတွက် ဘယ်လိုစကား လက်ဆောင်များ ပါးလိုပါသလဲ။

ဖြေ ။ ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ မြန်မာ့တပ်မတော်မှ အရာရှိ များကို ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခဲ့တာ အခုဆို ကျောင်းသား ၇၀၀၀ကျော်လောက်ကိုမွေးထုတ်ပေးပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ မာစတာ ကျောင်းသား ၆၅၀၀ ကျော်၊ ပါရဂူကျောင်းသား ၆၇၉ ဦးကျော်နဲ့ Doctor of Science ဘွဲ့ ၈ ဦးကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံကို ပညာတော်သင် စေလွှတ်ဖို့ အကောင်အထည်ဖော် စတင်ဖွဲ့စည်း ကတည်းကပင် ပါဝင်ခဲ့ပါတယ်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်စဉ် ကာလအတွင်း ရုရှားနိုင်ငံကို ပညာတော် သင် စေလွှတ်ဖို့ ကြိုးပမ်းလုပ်ဆောင် ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဆက်လက် လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက် မြန်မာနိုင်ငံအနေနဲ့ နည်းပညာကို ကျွမ်းကျင်တဲ့ မျိုးဆက်ကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဥပမာအနေနဲ့ စိန့်ပီတာစဘတ် ရေကြောင်းနည်းပညာ တက္ကသိုလ်က သင်္ဘောတည်ဆောက်ရေး အင်ဂျင်နီယာ ဘွဲ့ရရှိသူတွေက မြန်မာ့တပ်မတော်(ရေ) အတွက် အဆင့်မြင့် ဖရီးဂိတ်တိုက်ခိုက် ရေးသင်္ဘောများကို တည်ဆောက်နိုင်ပြီ ဖြစ်ပါတယ်။ အခုလိုမျိုး ကျွမ်းကျင်သူတွေကို မြန်မာနိုင်ငံ အတွက် မွေးထုတ်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ဂုဏ်ယူပါတယ်။ ဆက်လက်ပြီးတော့လည်း တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးသွားမှာဖြစ်ပါတယ်။

မေး ။ ။ ရုရှားနိုင်ငံမှာ မြန်မာ့တပ်မတော်မှ သင်တန်းသား အများအပြား ပညာသင်ကြားနေတာ ရှိပါတယ်။ အဲ့ဒီလိုပဲ အရပ်ဘက်ကဏ္ဍတွေမှာ နောက်ထပ်လည်း မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ရုရှားနိုင်ငံအနေနဲ့ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်တွေ ရှိရင် သိလိုပါတယ်။ ။

ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ မြန်မာကျောင်းသားများကို မတူညီတဲ့ ကျောင်းတွေနဲ့ မတူညီတဲ့ နည်းပညာတွေကို တတ်နိုင်သလောက် သင်ကြား ပေးသွားမှာပါ။ တစ်ဦးနဲ့တစ်ဦး အပြန် အလှန် ကူညီခြင်းဟာ အရေးကြီးဆုံးပါ။ ရုရှား-မြန်မာ ဆက်ဆံရေးမှာ ပညာရေးသည်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လေးတွေကိုလည်း ရုရှားမှာ ပညာလာသင်ပါ။ ရုရှားမှာ ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ ခေတ်မီတဲ့ သိပ္ပံပညာရပ်များကို သင်ယူနိုင်ပါတယ်လို့လည်း ပြောပေးစေချင်ပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ ။

ရုရှားနိုင်ငံဟာ - မြန်မာနိုင်ငံအတွက် အမြဲတမ်း နွေးထွေးပြီး ယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် အမြဲရှိနေမှာပါ။

မေး ။ ။ ရုရှားနိုင်ငံဟာ နည်းပညာ မြင့်မားတဲ့ကမ္ဘာ့ထိပ်သီးနိုင်ငံ တစ်ခုဖြစ်သလို နိုင်ငံတကာ ဆက်ဆံရေးမှာလည်း လူသားချင်းစာနာထောက် ထားမှုဆိုင်ရာလုပ်ငန်းများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ၊ အခက်အခဲများနဲ့ ဆောင်ရွက်ပေးခဲ့ရတဲ့ ရည်ရွယ်ချက်များကို သိရှိလိုပါတယ်။ ။

ဖြေ ။ ။ အခက်အခဲကတော့ကြုံတွေ့ရပါတယ်။ အဓိကတော့ အနောက်နိုင်ငံများအနေဖြင့် ကမ္ဘာပေါ် မှာရှိတဲ့ နိုင်ငံများကို တစ်ပြေးညီ ဆက်ဆံပြီး မိတ်ဖက်နိုင်ငံများအဖြစ် တန်းတူရည်တူ ကြိုးပမ်း လုပ်ဆောင်ဖို့ စိတ်မဝင်စားခြင်းကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ မျှတသော ဆက်ဆံရေးကို အဓိက အလေးထားပါတယ်။ ပြဿနာ တစ်စုံ တစ်ရာ ပေါ်ပေါက်လာရင်လည်း ချက်ချင်း ဖြေရှင်းနိုင်အောင် ကြိုးစားတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ နိုင်ငံခြား ရေးမူဝါဒကို ကျွန်တော်တို့ လက်ခံတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဒါမှ စစ်မှန်သော ဒီမိုကရေစီကို ရရှိပြီးနောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့တောင်အာရှမှာ အာရှကျားအဖြစ် ပြန်လည်ရပ်တည်လာ မယ်လို့လည်း ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။

မြန်မာလူမျိုးများဟာ အလုပ်ကို ကြိုးစားလုပ်ကိုင်သော လူမျိုးဖြစ်ပါတယ်။ အားလုံးပဲ ငြိမ်းချမ်းပျော်ရွှင် ကြပါစေလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ။