Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန်  ၃၀

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခါ COVID-19 ရောဂါကူးစက်မှုနှုန်းများ မြင့်တက်လာမှုကြောင့် ကူးစက်မှုလျှော့ချနိုင်ရေးအတွက် မိမိတို့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ဆောင်ရွက်ရာတွင် တစ်ဦးချင်း ၏ကြိုတင်ကာကွယ်မှုများသည် အဓိကအကျဆုံးဖြစ်ကြောင်း၊ ယခုအခါ ကလေးငယ်များ ပညာသင်ကြားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ခြင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်ပေးခြင်းနှင့် စေတီပုထိုးများနှင့် အခြားဘာသာရေးဆိုင်ရာနေရာများ ပြန်လည်ဖွင့်လှစ်ခွင့် ပေးထားကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၌လည်း မျိုးရိုးဗီဇပြောင်း ကူးစက်မြန် COVID-19 ရောဂါများ ဖြစ်ပေါ်နေသလို မိမိတို့နိုင်ငံအတွင်း၌လည်း စတင်ဖြစ်ပေါ်နေပြီဖြစ်၍ မဖြစ်မနေကျော်လွှား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုအမြန် လျှော့ချနိုင်ရေးမှာ တစ်ဦးချင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရန်လိုအပ်သကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း COVID-19 ရောဂါကာကွယ်ဆေး များရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးအလုံးရေ ၂ သန်း ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ရောဂါစစ်ဆေးရန်အတွက်လည်း PCR စက် ၃ လုံးဝယ်ယူခဲ့သည်ဟု သိရှိရကြောင်း၊ အဆိုပါ PCR စက်သည် တစ်ကြိမ်လျှင် လူဦးရေ ၁၄၀ ခန့်အား ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ဆေးနိုင်ကြောင်း၊ အလားတူ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးများ မရရှိသေးသည့် ကာလအတွင်း ယခုလ ၂၉ ရက်နေ့တွင် ရောဂါ တွေ့ရှိသူ ၁၃၁၂ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၁၅ ဒသမ ၉၄ ရာခိုင်နှုန်းရှိကြောင်း၊ ကူးစက်မြန်သည့်ဗိုင်းရပ်စ်ပိုးဖြစ်သဖြင့် ရောဂါကူးစက်မှုများ ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ရောဂါကူးစက်ခံရသူများအား ဆေးရုံများ၌ ကုသပေးလျက်ရှိသော်လည်း ယခုထက်ပို၍ ရောဂါ ကူးစက်မှု မြင့်တက်လာချိန်တွင် Quarantine Center များထပ်မံ၍ လုံလောက်စွာထားရှိရေး ကြိုတင်စဉ်းစား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်ဦးချင်း ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကဦးစားပေးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကူးစက်မှု မဖြစ်စေရေး လိုအပ်သည့် Face Mask များ လုံလောက်စွာ စဉ်ဆက်မပြက်ဝေငှနိုင်ရေး၊ စာသင်ကျောင်းခန်းသို့ ဝင်/ထွက်ရာတွင် လက်ဆေးနိုင်ရေး ဆပ်ပြာ၊ သုံးရေ ရရှိစေရေးအတွက် နေ့တဓူဝ ကြပ်ကြပ်မတ်မတ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ အလားတူ လူအများစု သွားလာလှုပ်ရှားလျက်ရှိသည့် ဈေးများ၊ စက်ရုံအလုပ်ရုံများနှင့် ရုံးဌာနများ အတွက်လည်း Face Mask များ ဝေငှနိုင်ရေး ကမ်ပိန်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ လူတစ်ဦး ချင်း၏ ကာကွယ်ရေးအတွက် Face Mask များတပ်ဆင်စေရေး ရပ်ကွက်၊ မြို့၊ မြို့နယ်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အလိုက် Face Mask တပ်ဆင်သည့်ကမ်ပိန်းများအား ယခုထက် မြှင့်တင် ဆောင်ရွက်ကြရန်အတွက် တိုက်တွန်း ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများအတွက် Face Mask များလုံလောက်စွာရရှိစေရေး သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက် ရန်လိုအပ်သကဲ့သို့ တပ်မတော် အနေဖြင့်လည်း Face Mask များ လိုအပ်သည့် အရေအတွက်ရရှိစေရေး တိုးမြှင့်ထုတ်လုပ်လျက် ရှိကြောင်း၊ အလားတူ Stay at Home သတ်မှတ်ထားသည့် မြိုနယ်များရှိပြည်သူများ Face Mask များ တပ်ဆင်ရေး ကမ်ပိန်းများ ပြုလုပ်သွားရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ကမြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားနေမှု အခြေအနေ၊  COVID-19 ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်း ဖြစ်ပွားမှုအခြေအနေ၊ တတိယလှိုင်းအတွင်း ရောဂါစစ်ဆေးတွေ့ရှိမှု၊ ကုသပေးမှုနှင့် သေဆုံးမှုအခြေအနေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများတွင် ရောဂါကူးစက်ခံရမှုအခြေအနေနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရောဂါကူးစက်မှု အခြေအနေ၊ ရောဂါကူးစက်မှုနှုန်းမြင့်မားသည့် မြို့နယ်များတွင် Stay at Home သတ်မှတ်ထားမှု အခြေအနေနှင့် အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသူများအား Facility Quarantine ထားရှိနိုင်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး တို့က လက်ရှိ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိမှု၊ ကုသပေးမှုနှင့် သေဆုံးမှု အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်ပြန့်ပွားနေမှုအခြေအနေ၊ ရောဂါစစ်ဆေးရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ COVID-19 ရောဂါထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများ သိသင့်သိထိုက်သည်များ ထုတ်လွှင့်ပြန်ကြားပေးရေး၊ ရောဂါတွေ့ရှိမှုများပြားလာပါက လူနာ များထားရှိရန် Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမည့်အခြေအနေ၊ တပ်မတော် အနေဖြင့် ရောဂါကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနိုင်ရေး စုဖွဲ့ထားရှိမှုအခြေအနေ၊ ရောဂါတွေ့ရှိမှုများပြားလာပါက အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး ကြိုတင်  ပြင်ဆင်ဆောင်ရွက် ထားရှိရေး၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊ မြို့ဝင်မြို့ထွက်များတွင် စနစ်တကျစိစစ်ကြပ်မတ်ရေးနှင့် ရှောင်ကွင်းလမ်း များမှ ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရေး၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ ကျောင်းများတွင် COVID-19 စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး ညွှန်ကြားထားရှိမှု၊ COVID-19 ရောဂါဆိုင်ရာ အချက်အလက်များနှင့် ရောဂါကာကွယ်ရေးအတွက် နှိုးဆော်ချက်များအား အော်ပရေတာများမှ တစ်ဆင့် ပြည်သူများသိရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ယဉ်မောင်းများနှင့် ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ရောဂါစစ်ဆေးမှုများ ပြုလုပ်နိုင်ရေးဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ရောဂါကူးစက်မှုခံရသည့် အလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများပေးအပ်ခဲ့မှုနှင့် ဆေးဝါးကုသပေးမှု အခြေအနေ၊ တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ ရောဂါကူးစက်မှု အခြေအနေ၊ Stay at Home ပြုလုပ်ထားသည့် မြို့နယ်များရှိ အခြေခံပညာကျောင်းအချို့ ယာယီပိတ်ထားမှု အခြေအနေများနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ စာသင် ကျောင်းများတွင် ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေထားရှိမှု အခြေအနေ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည့် အခြေအနေ၊ Social Distancing  ရှိစေရေး ဆောင်ရွက်သွားရမည့်အခြေအနေများနှင့် COVID-19 စည်းကမ်းချက်များ၊ SOP/ Guideline များအားလိုက်နာမှုရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်လိုအပ်မှု၊ COVID-19 ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာ သင်တန်းများ ပို့ချပေးနေမှုနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးမှု အခြေအနေများ၊ COVID-19 ရောဂါ ကူးစက်ခံရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်မှုများအား  ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်