Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နေပြည်တော် ဇွန် ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushina Tabana အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည် -

(ယမန်နေ့မှအဆက်)

မေး ။ ။ အခုအသစ်ဖွဲ့လိုက်တဲ့ UEC အနေနဲ့ စုံစမ်းမှုတွေပြုလုပ်ပြီးမှသာ ရွေးကောက်ပွဲကို ကျင်းပလို့ရမယ်လို့ နားလည်ထားပါတယ်။ ဒီလိုသန်းဆယ်ချီပြီး မှားယွင်းနေမှုကို စစ်ဆေးမှုဟာ အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။ ဘယ်အချိန်လောက်ပြီးမယ်လို့ ခန့်မှန်းထားပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ တော်တော်များများတော့ပြီးနေပြီ။ ၉၀ ရာခိုင်နှုန်းလောက် စစ်ဆေးတာ ပြီးသွားပါပြီ။ ကျွန်တော်တို့ လာမယ့် ဇူလိုင်လနောက်ဆုံးအပတ် သို့မဟုတ် ဩဂုတ် ပထမပတ်ထဲမှာ ကျွန်တော်တို့အနေနဲ့ အဲဒါကို တရားဝင် ရှင်းလင်းဖို့ ရှိပါတယ်။

မေး ။ ။ မဖြစ်မနေ လုပ်ငန်းစဉ်တွေ အားလုံးပြီးသွားလို့ ရွေးကောက်ပွဲကျင်းပဖို့ အဆင့်သင့်ဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အားလုံးအနေနဲ့ ဒီရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသလား။

ဖြေ ။ ။ ပြိုင်နိုင်ပါတယ်။ ပြိုင်ခွင့်ရှိတာပေါ့။ ဒါပေမယ့် သူက သတ်မှတ်တဲ့စည်းကမ်းတွေ ရှိတယ်။ ဥပမာအားဖြင့် မဲဆန္ဒနယ်ဘယ်နှခု ဝင်ရောက်ယှဉ်ပြိုင်ရမယ်တို့ ဒါတွေလည်း ရှိပါတယ်။ အဲဒီလိုစည်းကမ်းနဲ့ ကိုက်ညီမယ်ဆိုရင်တော့ အားလုံးယှဉ်ပြိုင်ခွင့်ရှိပါတယ်။

တစ်ခုရှိတာပေါ့ဗျာ၊ အဲဒါဘာလဲဆိုရင် ပါတီများ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါတွေနဲ့လည်း ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့လိုတယ်။ ပြီးရင် ရွေးကောက်ပွဲဝင်နိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေ ကိုက်ညီဖို့လိုတယ်။ ဒီနှစ်ခု နဲ့ ပြည့်စုံတဲ့ ဘယ်နိုင်ငံရေး ပါတီတွေမဆို ယှဉ်ပြိုင် ခွင့်ရှိပါတယ်။

အကြမ်းဖက်မှုကတော့ ပထမဦးဆုံး ရိုးရိုးဆန္ဒပြ တာကနေပြီးတော့ နောက်ပိုင်းမှာ ဒီလို ဆန္ဒပြတာ တွေကနေတစ်ဆင့် တက်လာပြီး အကြမ်းဖက်မှုတွေ ရှိနေတယ်။ ဒါပေမယ့် အခုတော့ အကြမ်းဖက်မှုတွေက အရင်လို မများတော့ဘူး။ တော်တော်တော့ ကျသွားပါပြီ။ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် တာတို့၊ လူတွေ ချောင်းမြောင်းပစ်ခတ်တာတို့ ဒီလို အနည်းအကျဉ်းတော့ရှိပါတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူတွေ အကြောက်တရားတွေဖြစ်အောင်၊ နောက်တစ်ခါ နိုင်ငံတော်အစိုးရ အနေနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးဆိုတာကို နိုင်ငံတကာမှာ ပုံရိပ် တစ်ခုပျက်ပြားအောင်၊ နိုင်ငံတကာရဲ့ ပုံရိပ်မှာ ကျွန်တော်တို့ရဲ့ အနေအထိုင် ပျက်ပြားအောင် ဆောင်ရွက်တာ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ သူတို့ ဒီလိုလုပ်ပြီးတော့၊ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့အပေါ် တစ်ဖက်က အားပေးတဲ့သူတွေ စိတ်ဓာတ်တက်ကြွပြီး ဒီထက် ပိုမိုအရှိန်ပြင်းပြင်း လုပ်ဆောင်နိုင်အောင် လုပ်နိုင်တဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အများ ပြည်သူက လက်မခံဘူး၊ အကြမ်းဖက်မှုကို ဘယ်သူမှ လက်မခံဘူး၊ တော်တော်များများတော့ အခု နှိမ်နင်းဆောင်ရွက်နိုင်တာတော့ ရှိတယ်။

သူတို့မျှော်လင့်ထားတာကတော့ ဒီအကြမ်းဖက် မှုတွေက အရှိန်ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့် ထားတာပဲ။ ပြင်းထန်လာလို့ရှိရင် ကျွန်တော်တို့ရဲ့ တုံ့ပြန်ချက်ကလည်း ပြင်းထန်လာလိမ့်မယ်။ ပြင်းထန်လာလို့ရှိရင် နိုင်ငံတကာက ဝင်ရောက် စွက်ဖက်ဖို့ အခွင့်အရေးတွေက သူတို့ မျှော်မှန်းနိုင် တဲ့ အခြေအနေမျိုးမှာ ပိုရောက်သွားမယ်။ ဒါပေမယ့် သူတို့ ဒီလိုအခြေအနေမျိုး လုံးဝရောက်ဖို့ ဘယ်သူမှ မရှိနိုင်ဘူး။ ဒါကတော့ အမြင့်ဆုံး ကျွန်တော် တွက်ကြည့်တာပါ။ ဒီလိုတော့ မှန်းလို့ရပါတယ်။ မေး ။ ။ ဒီလိုမျိုးအကြမ်းဖက်မှုတွေကို ထောက်ခံတဲ့သူတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတယ်လို့ ပြောတဲ့အချိန်မှာ ထောက်ခံ သူတွေအနေနဲ့ နိုင်ငံရေးအရ ထောက်ခံသူကို ဆိုလိုတာလား။ ဒါမှမဟုတ် ငွေရေးကြေးရေးအရထောက်ခံသူကို ဆိုလိုတာလား။

ဖြေ ။ ။ နိုင်ငံရေးအရ ထောက်ခံသူတွေရဲ့ ဦးဆောင်မှုနဲ့ ငွေကြေးနဲ့ လိုက်လုပ်နေတဲ့ သူတွေ ပိုများတာပေါ့။ ဦးဆောင်တဲ့သူတွေကတော့ နိုင်ငံရေးအရ ဆန့်ကျင်တဲ့သူတွေ ဦးဆောင်တာ ရှိတယ်။ သူတို့ရဲ့ ငွေကြေးတွေနဲ့ ခိုင်းတဲ့အခါ ငွေကြေးရတဲ့ သူတွေက လိုက်လုပ်ကြတာပေါ့။ အဲဒီတော့ သူတို့က နိုင်ငံရေးအရတော့ မဟုတ်ဘူး။ ပိုက်ဆံကြောင့် လုပ်တာ၊ ဦးဆောင်တဲ့ သူတွေ ကတော့ နိုင်ငံရေးအရ ဦးဆောင်တဲ့သူတွေပါ။ ဒါပေမယ့် သူတို့မလုပ်ရဲဘူး။ ဦးဆောင်တဲ့သူတွေ ကတော့ အကြမ်းဖက်မှု မလုပ်ရဲဘူး။ သူတို့က ပိုက်ဆံပေးခိုင်းတာ။

မေး ။ ။ ကမ္ဘာမှာအခုလက်ရှိရှိတဲ့ကမ္ဘာ့နိုင်ငံရေး အသိုင်းအဝိုင်းထဲကနေမှ ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော အရှေ့တောင်အာရှဒေသ အတွင်းမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ပါ မြန်မာနိုင်ငံရဲ့ အခြေအနေကို တည်ငြိမ် အေးချမ်းဖို့အတွက် ဘယ်လိုအကူအညီမျိုးတွေ ပေးနိုင်ပါသလဲ။ ဘယ်လိုအကူအညီမျိုးတွေဆိုရင် မြန်မာနိုင်ငံအနေနဲ့ လက်ခံဆောင်ရွက်ပေးဖို့ ရှိပါသလဲ။

ဖြေ ။ ။ နံပါတ်တစ်အချက်ကတော့ဗျာ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကိုတော့ နားလည်ဖို့လိုတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ( ယဉ်ကျေးမှုနားလည်ဖို့ လိုတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ဥပဒေကို နားလည်ဖို့လိုတယ်။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကို နားလည်ဖို့လိုတယ်။ ဒီလို နားလည်ပြီးတော့မှ ဦးဆောင်မယ်ဆိုရင် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဒါတွေကို နားမလည်ဘဲ သူတို့လိုချင်ရာကို ဆွဲပြီးတော့ ရရှိတဲ့သတင်းတွေ၊ နံပါတ် (၁)အချက် ရရှိတဲ့ သတင်းပေါ်မူတည်ပြီး သူတို့လိုချင်ရာ ကောက်ချက်ချတာ၊ ရရှိတဲ့သတင်းတွေကလည်း ဒီအနောက်နိုင်ငံ အဖွဲ့အစည်းတွေကျတော့ သူတို့ရဲ့ လိုချင်တဲ့ပုံစံကိုသွားနိုင်ဖို့ သူတို့က လုပ်တာပါ။ အဲဒီအပေါ်မှာ မူတည်ပြီး သတင်းတွေ တင်တဲ့အခါ ဒီအပေါ်မှာရရှိတဲ့ နိုင်ငံတွေကလည်း ဒီအပေါ်မှာပဲ Analyze လုပ်ပြီးတော့ ပြောကြတာပါ။ ဒါပေမယ့် ပကတိအချိန်တွေမှာတော့ ကွဲပြားခြားနားတာ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပကတိအချိန်တွေကို (သိဖို့လိုအပ်ပါတယ်။ အဲဒီလိုဆိုရင် ပူးပေါင်း ဆောင်ရွက်ဖို့ သိပ်ကောင်းတယ်။ ကျွန်တော်တို့လည်း နိုင်ငံတစ်နိုင်ငံဆိုတာ၊ ကျွန်တော်တို့နိုင်ငံ ပြည်တွင်းရေးဆိုတာ ဟုတ်ပါတယ်။ သို့သော်လည်းပဲ တစ်ဖက် နိုင်ငံတကာကနေပြီးတော့ ပူးပေါင်း ဆောင်ရွက်လို့ရတဲ့ နယ်ပယ်တွေမှာ ရှိကောင်း ရှိနိုင်ပါတယ်။ ဥပမာ အကောင်းဘက်ကနေ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုမျိုးဆိုရင် ကျွန်တော်တို့အနေနဲ့ မလုပ်နိုင်စရာ မရှိပါဘူး။

နိုင်ငံတကာမှာ ကျွန်တော်တို့ အထီးကျန်လို့ မရဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လိုပဲ ဖြစ်ဖြစ်လုပ်ရမှာပါ။ အခု ကျွန်တော်တို့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရှိတယ်။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဆက်ဆံမှုတွေရှိတယ်။ အကုန်ရှိပါတယ်၊ နိုင်ငံ တွေ အကုန်လုံးဆက်ဆံမှုတွေရှိတယ်၊ ဒါအရေးကြီးတာမို့ နားလည်ဖို့လိုတယ်။

မေး ။ ။ အဆွေတော်ဗိုလ်ချုပ်မှူးကြီး ဖြေကြားသွားတဲ့အထဲမှာ ရုရှားနိုင်ငံနဲ့ လက်ရှိမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ တရုတ်နိုင်ငံနဲ့လည်း ဒီလိုပူးပေါင်းဆောင်ရွက်မှု တွေရှိတယ်လို့ ဖြေကြားသွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အခု မြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှု တည်ဆောက်ရေးအတွက် ဒီမိတ်ဖက် နိုင်ငံနှစ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ဘယ်လိုအကူအညီ အစီအစဉ်ရှိပါသလဲ။

ဖြေ ။ ။ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ရှိတယ်ဗျ။ မြန်မာနိုင်ငံရဲ့ အခြေအနေ အမှန်ကို သူတို့သိအောင်ကြိုးစားပြီးတော့ နိုင်ငံတကာ မျက်နှာစာတွေမှာ သူတို့က ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေကို သိအောင် ပြန်ပြီးတော့မှ ဆောင်ရွက်ပေးတာတွေဟာ သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပါ။

မေး ။ ။ မြန်မာနိုင်ငံအကြောင်းကို မေးမြန်းတဲ့ အချိန်မှာ အခုလက်ရှိ ကာလကြီးမှာ မဖြစ်မနေမေးရမယ့် မေးခွန်းလေးတစ်ခု ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အချိန် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်မှုတွေ အလျဉ်မီပါသလား။ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုအောင်မြင်မှု တွေရှိတယ်ဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ကိုဗစ်-၁၉ ရောဂါစဖြစ်တဲ့ ပထမလှိုင်းပေါ့ဗျာ။ ပထမလှိုင်းဖြစ်တဲ့ အချိန် မှာတော့ သိပ်မများဘူး။ ဒုတိယလှိုင်းဖြစ်တဲ့အချိန်မှာတော့ ကျွန်တော်တို့ တော်တော်လေး များသွားတယ်။ ကျွန်တော်တို့ ဒါကိုလည်း ပြန်ထိန်းနိုင်ပါတယ်။ အဲဒီအချိန်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ပေါ်လာတော့ ကျွန်တော်တို့ ကာကွယ်ဆေးထိုးနိုင်ဖို့ လုပ် တယ်။ ပထမဦးက အိန္ဒိယနိုင်ငံကနေ၊ နောက်ကျ အိန္ဒိယနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့်၊ သူတို့ရဲ့ ပြည်တွင်းရေးမှာရှိနိုင်တဲ့ အခက်အခဲတွေကြောင့် သူတို့ရဲ့ ကာကွယ်ဆေးတွေ ကျွန်တော်တို့ ကို ရောင်းချမှုတွေ ခဏတော့ ရပ်ဆိုင်းထားတာပေါ့။

အဲဒီအချိန်မှာ ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ်ဆေးလက်ခံရရှိတဲ့အချိန်၊ အခု ကျွန်တော်တို့ဆီမှာ စမ်းသပ်သုံးစွဲပြီးလည်းဖြစ်တယ်။ နောက်ထပ်လည်း ရုရှားနိုင်ငံကနေ ထပ်ပြီး တိုးချဲ့ ဝယ်ယူဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးနေတာရှိပါတယ်။ ထို့အတူပဲတရုတ်နိုင်ငံကနေပြီးတော့ ကျွန်တော်တို့ နိုင်ငံအတွက် ကာကွယ်ဆေးတွေ ပေးပို့ခဲ့တာ စမ်းသပ်တွေ့ရှိတဲ့အချိန် ကထုတ်တဲ့ က ရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ သုံးစွဲပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။

တတိယလှိုင်းကတော့ ရံဖန်ရံခါတော့ နည်းနည်းပြန်ဖြစ်တဲ့ သဘောတော့ တွေ့တယ်။ တစ်နေ့ တစ်နေ့ တွေ့ရှိတဲ့ ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ရှိတယ်။ နည်းနည်း နည်းလာတဲ့ရက်တွေ ရှိတယ်၊ များလာတဲ့ရက်တွေလည်း ရှိတယ်။ သို့သော် တွေ့ရှိတဲ့ရက်၊ တွေ့ရှိတဲ့ ပမာဏကတော့ ၁၀ ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်မှာ ရှိနေတဲ့အတွက်ကြောင့် အရင်ထက် စာရင် နည်းနည်းပိုများလာတဲ့ သဘောရှိတယ်။

သို့သော် နိုင်ငံတကာမှာဖြစ်နေတဲ့ ဒီပြန့်ပွားမှု နှုန်းထက်စာရင် ကျွန်တော်တို့ နိုင်ငံမှာတော့ အများကြီး မဟုတ်သေးပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စည်းကမ်းတကျ လိုက်နာမယ်ဆိုရင် ထိန်းသိမ်းနိုင်တဲ့ အနေအထားရှိတယ်လို့ ကျွန်တော်ပြောထားပါတယ်။ ဒါလည်း တတ်နိုင်သလောက် ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။

မေး ။ ။ ရုရှားနိုင်ငံက ကာကွယ်ဆေးကို တင်သွင်းဖို့ ညှိနှိုင်းတာနဲ့ ပတ်သက်ပြီး၊ အရေအတွက်အားဖြင့် ဘယ်လောက်ဖြစ်နိုင်မလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ လောလောဆယ် ကျွန်တော်တို့ နှစ်သန်း ဝယ်ဖို့ လုပ်ထားတယ်၊ နောက်တော့လည်း ခုနစ်သန်းဝယ်ဖို့ တစ်ဖက်ကနေ စီစဉ်နေတာ ရှိပါတယ်၊ ဒါကလည်း ညှိနှိုင်းဆဲဖြစ်ပါတယ်။ ဒီဘက် ကလည်း ပို့နိုင်တဲ့အခြေအနေအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့က တွက်ချက်ပြီး စောင့်ရတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက တစ်ကမ္ဘာလုံးကို ဖြန့်နေရတဲ့ အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက်ကို တစ်ပြိုင်နက်တည်း မပေးနိုင်ဘူးဆိုတာ သိရှိထားရမှာဖြစ်ပါတယ်။

မေး ။ ။ ရုရှားနိုင်ငံမှာ တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေး(၃)မျိုးရှိပါတယ်။ အဲဒီထဲမှာ စပို့နစ်ဗီတစ်မျိုးကိုပဲ စိတ်ဝင်စားဖို့ ရှိတာပါလား။

ဖြေ ။ ။ စပို့နစ်ဗီရယ်၊ စပို့နှစ်လိုက်ရယ်ရှိပါတယ်။

မေး ။ ။ အခု ဗိုလ်ချုပ်မှူးကြီးရဲ့ ရုရှားနိုင်ငံခရီးစဉ် အခုလို မော်စကိုမြို့ ကို ရောက်ရှိတုန်းမှာ (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံကို တက်ရောက် ခဲ့တာအပြင် တခြားဘာအစီအစဉ်တွေ ရှိခဲ့ပါသလဲ။ အကြမ်းဖျင်းလေးပြောပြလို့ရရင် သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော့်အနေနဲ့ လုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးနဲ့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့တယ်။ ကာကွယ်ရေးဝန်ကြီးနဲ့လည်း ဆွေးနွေးမှုလုပ်ခဲ့တယ်၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်တက္ကသိုလ် ကျွန်တော်သွားပြီးတော့ ကျွန်တော့်ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးတုန်းက ကျွန်တော်လက်ခံခဲ့တယ်။ မော်စကိုမှာရှိတဲ့ အထင်ကရနေရာတချို့ကို ကျွန်တော် ရောက်ခဲ့တယ်။ ပြီးတော့ တခြားနေရာ တချို့ကို ကျွန်တော်သွားဖို့ ရှိပါတယ်။ နောက်တစ်ခုက မော်စကိုမှာရှိတဲ့ ထေရဝါဒဗုဒ္ဓဘာသာကျောင်း ကိုလည်း ကျွန်တော်သွားခဲ့တယ်။ အဲဒီမှာလည်း သိမ်ရေစက်ချတာ လုပ်ခဲ့တယ်။ ဒါကတော့ မော်စကိုနဲ့ ရုရှားနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာပဲပြောပြော အထောက်အကူရမယ့် နေရာတစ်ခုလို့ ကျွန်တော်ပြောလိုပါတယ်။

မေး ။ ။ နောက်ထပ် သွားရောက်လည်ပတ်မယ့်မြို့တွေနဲ့ ပတ်သက်ပြီးတော့ သိလို့ရမလား။ ဘယ်မြို့တွေသွားဖို့ စီစဉ်ထားပါသလဲ။

ဖြေ ။ ။ သေချာတာကတော့ ရုရှားနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့တွေပါပဲ။ ကာရှန်ရယ်၊ လိုဗိုစီဗီရယ် ကျွန်တော်သွားမယ်။ နာဗာစီဗီကိုလည်း ရောက်အောင်သွားပါမယ်။ အဲဒါ လှပတဲ့မြို့လို့ ပြောကြပါတယ်။

မေး ။ ။ ခရီးစဉ်ကတော့ ဆက်လက်ပြီးတော့ သွားရောက်ဦးမှာ ဖြစ်တဲ့အတွက် မပြီးဆုံးသေးပါဘူး။ ဒါပေမယ့်အခု ဒီနေ့အထိ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ခံစားရတဲ့ စိတ်ခံစားချက်ကို သိလိုပါတယ်။

ဖြေ ။ ။ ကောင်းမွန်တဲ့ ခရီးစဉ်ပါပဲ။ ဘာပဲပြောပြော ကျွန်တော်တို့ လာရောက် ဆောင်ရွက်ခဲ့တဲ့ ကိစ္စအားလုံး အောင်အောင်မြင်မြင် ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။ ။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။

ဖြေ ။ ။ ကောင်းပါပြီ၊ ဒီနေ့က ခင်ဗျားတို့ RIA သတင်းဌာနရဲ့ နှစ် (၈၀) ပြည့်နေ့လို့ သိထားရတယ်။ ဒီလိုသတင်းတွေ ကျော်ကြားတဲ့၊ ဒီလိုနှစ်ပေါင်း(၈၀)ကြာအောင် အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး အထူးပဲ ချီးကျူး ဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ ဆက်လက်ပြီး လည်း ဒီထက်မက အောင်မြင်တိုးတက်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပါရစေ။ အောင်မြင် ပါစေ။