Skip to main content

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အချုပ်သား/သူများအား လွှတ်‌ပေး

ရန်ကုန် ဇွန် ၃ဝ

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အချုပ်သား/သူများအား လွှတ်ပေးခြင်းအခမ်းအနားကို အကျဉ်းဦးစီးဌာန၊ အင်းစိန်ဗဟို အကျဉ်းထောင်ဝန်း မိုးလုံလေလုံ အားကစားရုံခန်းမတွင် ယနေ့တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ အကျဉ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဇော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ခရိုင်တပ်ဖွဲ့မှူးရုံးများမှ ရဲတပ်ဖွဲ့မှူးများ၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိနှင့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်နှင့် အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့မှ လွတ်မြောက်သည့် အချုပ်သား/သူများအား ဆုံးမဩဝါဒစကား ပြောကြားခဲ့ပြီး လွတ်မြောက်သူများအား တစ်ဦးချင်း နှုတ်ဆက်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ လွတ်မြောက်သည့် အချုပ်သား/သူများကို သက်ဆိုင်ရာမြို့နယ် အလိုက် YBS မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ယနေ့ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ချုပ်နှောင်ထား ရှိသော အချုပ်သား/ သူများအနက် အချုပ်သား(၅၉၀)၊ အချုပ်သူ (၁၃၁)ဦး စုစုပေါင်း(၇၂၁)ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)