နေပြည်တော် ဇွန် ၃၀
တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးရေး နှင့် ပြီးစီးလျက်ရှိသည့် ရေသွယ်မြောင်းမှ တဆင့် ဇော်ဂျီ ရေလှောင်တမံ နှင့် မြို့ကြီးရေလှောင်တမံများသို့ ရေကူပို့လွှတ်ပေးရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၂၈ ရက်က ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ဇော်ဂျီ ရေလှောင်တမံနှင့် ၎င်းမှတဆင့် မြို့ကြီးရေ လှောင်တမံများသို့ ရေကူ ပေးပို့ရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်း ရေလှောင်တမံ သည် တမံအမြင့် ၁၅၄ ပေ ၊ အလျား ၁၄၁၀၀ ပေ ရှိ မြေသားတမံအမျိုးအစားဖြစ်ကာ ကန်ရေပြည့် ရေလှောင်ပမာဏ ၃၄၅၃၅၀ ဧကပေ ရှိသည်။
ရေဆင်းဧရိယာ ၆၃၀ စတုရန်းမိုင် တွင် ပျမ်းမျှမိုးရေချိန် ၅၀ လက်မခန့် ရွာသွန်းသဖြင့် နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ၃၅၁၇၀၀ ဧကပေ ရှိပြီး မြို့ကြီး ရေလှောင်တမံအထိ ရေကူပို့လွှတ်ပေးနိုင်မည်ဖြစ်ရာ မြို့ကြီးမြောင်းမတော် မှတဆင့် မိတ္ထီလာ လွင်ပြင် စိမ်းလန်း စိုပြေရေး လုပ်ငန်းအတွက် စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်မည် ဖြစ်သည်။
စီမံကိန်းအရ လက်ရှိတွင် အရှည်(၁၄)မိုင်ရှိ ရေသွယ်မြောင်းလုပ်ငန်း ၈၉ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည့် အတွက် နမ့်မေလျန် ချောင်းတစ်လျှောက်မှ ဇော်ဂျီ ရေလှောင်တမံ ရေပေးပို့လျက်ရှိကာ ယနေ့အထိ ရေဧကပေငါးသောင်းခန့် ရေကူပို့လွှတ်နိုင်ခဲ့သဖြင့် ၂၀၂၀ခုနှစ်တွင် ကင်းတားမြောင်းရေသောက် မိုးစပါးအောင်ရေ ဧက ၃၃၈၀၀ကျော်နှင့် နွေသီးနှံ ဧက ၁၄၀၀၀ကျော် စိုက်ပျိုးနိုင်ရေးအတွက် ရေကူပေးနိုင်ခဲ့ပြီး လာမည့် မိုးရာသီတွင် ရေဧကပေ တစ်သိန်း နှင့် စီမံကိန်းလုပ်ငန်း ပြီးစီးပါက နှစ်စဉ် ရေဧကပေ သုံးသိန်း ရေကူပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဆက်သွယ်မြောင်း ဝဲယာတွင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသည့် တောင်သူ များ စိုက်ပျိုးရေ စနစ်တကျရယူ အသုံးပြုနိုင်ရေးနှင့် ရာသီသီးနှံအပြင် နှစ်ရှည်ဝင်ငွေရ ကော်ဖီသီးနှံစိုက်ပျိုး လုပ်ကိုင်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်၍ လိုအပ်သော အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားနိုင်ရေးကို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူများအား မှာကြားထားသည်။
လက်ရှိတွင် ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း ပြီးစီးမှုအနေဖြင့် ၆၆ ဒသမ ၃၅ ရာခိုင်နှုန်း ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးပါက ရေအား လျှပ်စစ် ဂျင်နရေတာ ၅ မဂ္ဂါဝပ် ၊ ၂ လုံး မှ နှစ်စဉ် ပျမ်းမျှ ၂၄ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
စီမံကိန်းအရ မြို့ကြီးရေလှောင်တမံရှိ ရေအားလျှပ်စစ်တပ်ဆင် ၃၀ မဂ္ဂါဝပ် (၁၅ မဂ္ဂါဝပ် x ၂ လုံး)မှ နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီသန်းပေါင်း (၁၃၅ ဒသမ ၇) ၊ ဇော်ဂျီ ရေလှောင်တမံရှိ ရေအားလျှပ်စစ် တပ်ဆင် ၁၂ မဂ္ဂါဝပ် ( ၆ မဂ္ဂါဝပ် x ၂ လုံး)မှ နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီသန်းပေါင်း (၃၀)ကို စွမ်းအားပြည့် လျှပ်စစ်ထုတ်လွှတ်ပေးနိုင်ရေးအတွက် ရေကူပေးနိုင်မည်ဖြစ်ရာ နှစ်စဉ် စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း (၁၈၉ ဒသမ ၇)ထုတ်လုပ်နိုင်ရေး အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)