နေပြည်တော် ဇွန် ၃၀
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ဗီဇပြောင်းကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ကြောင့် ပိုးတွေ့အတည်ပြု လူနာသစ်ဦးရေသည် အချိန်တို ကာလအတွင်း များပြားလာခြင်းဖြစ်၍ မိမိတို့အနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှု များပြားလျက်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာ အလိုက် ရောဂါပိုးတွေ့ရှိရမှုအခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ် ညှိနှိုင်းကာ ဗဟိုအနေဖြင့် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို လျင်လျင်မြန်မြန် တုံ့ပြန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ကိရိယာများကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရေး အတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လိုအပ်လာနိုင်သည့်ပစ္စည်းများကို ကြိုတင်တွက်ချက် ဝယ်ယူစုဆောင်းထားသည့် လုပ်ငန်းများကို အချိန်မီပြီးမြောက်စေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေး အဖက်ဖက်မှ ကြိုတင်ဆောင်ရွက်ထားရန် ဖြစ်ပါကြောင်း။
ကုသရေးလုပ်ငန်းများ၊ အသွားအလာကန့် သတ်ထားရှိရာနေရာ (quarantine center) များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ရရှိနိုင်သော လူ့စွမ်းအား အရင်းအမြစ်များကို အကျိုးရှိဆုံး အထိရောက်ဆုံးဖြစ်စေရန် စနစ်တကျစီမံခန့်ခွဲရမည်ဖြစ်ပြီး နေ့စားဝန်ထမ်းများ ခန့်အပ်ခြင်း၊ နှီးနွယ်ဌာနများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရရှိစေရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေး အတွက် ရုံးများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ၊ ဘဏ်များ၊ ဈေးများ အပါအဝင် လူစုလူဝေးများသော နေရာများတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန်များ ထုတ်ပြန် ထားရှိပြီးဖြစ်၍ အဆိုပါ လုပ်ငန်းလမ်းညွှန်များနှင့်အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်ကြစေရေး ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ပူးပေါင်း ညှိနှိုင်းကာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းအလိုက်၊ ဒေသအလိုက် စနစ်တကျ ကြီးကြပ် လမ်းညွှန်ပံ့ပိုးမှုပေးနိုင်မည့် အဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
လိုက်နာမှုအားနည်းသူများကို ပညာပေးခြင်း၊ သတိပေးခြင်း၊ လိုအပ်ပါက အရေးယူခြင်း မျိုးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင်လည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာစေရေး ပညာရေး ဝန်ကြီးဌာနှင့်ပူးပေါင်း၍ ရောဂါဖြစ်ပွားမှု များပြားရာဒေသများတွင် အထူးသတိပြုကာအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ရောဂါဖြစ်ပွားမှုများပြားသည့်မြို့နယ်များကို လိုအပ်ပါက မိမိအိမ်တွင်သာ နေထိုင်ခြင်း (Stay at Home) အစီအစဉ်တွင်ပါဝင်သည့် မြို့နယ်များအဖြစ် သတ်မှတ်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ မြို့နယ်များတွင် ပြည်သူများအကြား ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများနှင့် လူစည်ကားရာ နေရာများတွင် ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign) များကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ COVID-19 ရောဂါ ဖြစ်ပွားမှု များပြားလျက်ရှိသည့် ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်များအခြေအနေ၊ ပြည်သူ့ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အောက်ဆီဂျင် ထုတ်လုပ်သည့်စက်များနှင့် အောက်ဆီဂျင်ဆလင်ဒါများ ဖြန့်ဖြူးပေးထားနိုင်သည့် အခြေအနေနှင့် လိုအပ်သည့်ပစ္စည်းများ အချိန်မီဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း လမ်းညွှန်များ ရေးဆွဲထားရှိခြင်း/မွမ်းမံရေးဆွဲခြင်းနှင့် ဖြန့်ဝေပေးထား နိုင်သည့် အခြေအနေ တို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်တစ်ခုချင်းအလိုက် အသေးစိတ် လမ်းညွှန်မှုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)