Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် (တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ လေးလပတ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၁/၂၀၂၁) ကျင်းပ

နေပြည်တော် ဇွန် ၃ဝ

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံ (ညွှန်ကြားရေးမှူး) များ၏ လေးလပတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၁)ကို ဇွန် ၂၉ မှ ၃၀ ရက်တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့် အညီ Virtual System ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲ ပထမနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် က ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၏ ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် လက်အောက်ခံရုံး များအနေဖြင့် ပြည်ထောင်စုစာရင်းစစ် ချုပ်ဥပဒေ ပုဒ်မ (၁၁) (က-ရ) အထိ ပြဌာန်းထားတဲ့ တာဝန်များနှင့် အညီ ပြည်သူ့ဘဏ္ဍာများကို စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေလုပ်ထုံး လုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနဲ့အညီ ပြည်သူများ အတွက် အမှန်တကယ် အကျိုး ရှိ/မရှိနဲ့ ထိရောက်စွာ သုံးစွဲနိုင်ရေး စံချိန်စံညွှန်းများနဲ့အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီပလိုမာစာရင်းကိုင် (DA) နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA) သင်တန်း စသည့်တို့ကို ဖွင့်လှစ်ရန်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ စာရင်းကောင်စီ၏ စီမံအုပ်ချုပ်မှုနဲ့ လုပ်ငန်းများ အောင်မြင်ရေးကိုလဲ အထူးဂရုပြုရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး တို့က နံနက်ပိုင်းတွင်လည်းကောင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့က မွန်းလွဲပိုင်းတွင် ဆွေးနွေးကြသည်။ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီ တို့က တင်ပြကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရုံးချုပ်ရှိ စစ်ဆေးရေးအဖွဲ့ခွဲ ညွှန်ကြားရေးမှူးများက စစ်ဆေးရာဆိုင်ရာများကို တင်ပြပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး) နှင့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) တို့က စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/သုတေသန) က စီမံနှင့်ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊  ဒုတိယအမြဲတမ်းအတွင်းဝန်က e-government နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန်က စစ်ဆေးရေးနှင့် ဦးစီးရုံးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များလည်းကောင်း ရှင်းလင်း ဆွေးနွေးကြရာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)