Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဇွန် ၃၀

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပုဂ္ဂလိက ခရီးသွား အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ က  ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အမြန်ဆုံးဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်သူလူထု အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရန်နှင့်  ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အခြားစီးပွားရေးကဏ္ဍများ ပြန်လည်ထူထောင်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုနိုင်ရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများဖွံ့ဖြိုးတိုးတက်မှုအတွက် သန်းပေါင်း များစွာသော အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် အပြင် သဘာဝနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို  အနာဂတ်မျိုးဆက်သစ်များ လက်ဆင့်ကမ်းခံစားနိုင်ရန်နှင့် ထိန်းသိမ်းကာကွယ်ရေး အတွက် တွန်းအား တစ်ရပ်ဖြစ်ကြောင်း၊  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော အချို့နိုင်ငံများတွင် ခရီးသွားလုပ်ငန်းမှရရှိသည့်ဝင်ငွေသည် နိုင်ငံစီးပွားရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး၏တတိယအကြီးဆုံးပို့ကုန်ကဏ္ဍ ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝ မျိုးစုံမျိုးကွဲများကို ကာကွယ် ထိန်းသိမ်းရေးနှင့်  လူသားများအတွက် နေရာသစ်များ၊ ယဉ်ကျေးမှုများနှင့် အတွေ့အကြုံသစ် များကို စူးစမ်းရှာဖွေဖော်ထုတ်ရာတွင် ခရီးသွား လုပ်ငန်းကဏ္ဍသည် အရေးပါသည့် ကဏ္ဍတစ်ခု  ဖြစ်ကြောင်း။

ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းသည် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ တစ်ခုတည်း အတွက်သာမက တစ်ကမ္ဘာလုံး အတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းကို စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းခရီးသွား ကန့်သတ် မှုများပြုလုပ်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း၏ အဆိုးရွားဆုံးသော နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization – UNWT)၏ ၂၀၂၁ ခုနှစ်၊ မတ်လ စာရင်းဇယားများအရ ကမ္ဘာ့အနှံ့ခရီးသည် ဝင်ရောက်မှုသည် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၉၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဥရောပဒေသတွင် ၈၃ ရာခိုင်နှုန်း၊ အာဖရိကဒေသတွင်  ၈၁ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ၇၈ ရာခိုင်နှုန်း၊ အာရှပစိဖိတ်ဒေသတွင် ၉၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းက ရရှိသည့် ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ခန့် ဆုံးရှုံးခဲ့ပြီး အာရှပစိဖိတ် ဒေသတွင် ၇၀ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ၆၉ ရာခိုင်နှုန်း ကျဆင်း လာသည်ကို တွေ့ရကြောင်း။

ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ခရီးသည် ဝင်ရောက်မှုသည်  ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်(၇၉)ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ခရီးသွား လုပ်ငန်းမှ ရရှိသည့်ဝင်ငွေ (၈၁)ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ ထို့ပြင်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဆုံးရှုံးနစ်နာခဲ့သည်ကို တွေ့ရှိ ရကြောင်း။

ကမ္ဘာနိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည် ၍ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလဆန်းမှ စတင် ပိတ်သိမ်းထားခဲ့သည့်  ခရီးစဉ်ဒေသများ၏ ၅၃ ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်ခဲ့သည်ကို တွေ့ရကြောင်း၊  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ စစ်တမ်းကောက်ယူချက် အရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်း၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းခန့်ပြန်လည်စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၂၀၂၃ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ အပြည့်အဝ ထိန်းချုပ်နိုင်ပါက ၂၀၂၄ ခုနှစ် မှသာ ခရီးသွားလုပ်ငန်း ပုံမှန်အခြေအနေ ရောက်ရှိနိုင်မည် ဖြစ်သည်ဟု ခန့်မှန်းထားကြောင်း။

ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင် ရေးအတွက် Global Tourism Crisis Committee ကို ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ ကော်မတီက ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး အစီအမံများကိုဆောင်ရွက် လျက်ရှိကြောင်း။

ထို့ပြင် Global Tourism Crisis Committee နှင့် UNWTO / IATA (International  Air Transport Association) ပူးပေါင်း၍ Destination Tracker စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊  ထို့အတူ Harmonize Common Guidelines Recommendations on Health and Safety Protocols ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။

ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့၏ ၂၀၂၁-၂၀၂၃ ခုနှစ် နိုင်ငံတကာ ခရီးသည် ဝင်ရောက်မှုခန့်မှန်း စာရင်းအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ဝင်ရောက်မှု အများဆုံး (၁ ဒသမ ၈)သန်းမှ အနည်းဆုံး (၀ ဒသမ ၅)သန်းရှိမည်ဟု ခန့်မှန်းသုံးသပ်ထားကြကြောင်း၊ အဆိုပါအခြေအနေများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်မှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုအပေါ် များစွာ မူတည်နေသည်ကို သတိပြုကြရန်လိုကြောင်း။

 လတ်တလောကာလတွင် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကူးစက်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရ သည့်အတွက် နိုင်ငံတကာ ခရီးသွားများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာမြင့်နိုင်ကြောင်း၊  မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူး စက်မှုသည်  ၂၀၂၀ ခုနှစ်၊ မတ်လအတွင်း စတင်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၁ခုနှစ်၊ မတ်လတွင် ရောဂါ ကူးစက်မှု အနည်းငယ် ထိန်းချုပ်လာနိုင်ပြီ ဖြစ်ကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များ၊  သတ်မှတ် ချက်များနှင့်အညီ ပြည်တွင်း ခရီးသွား လုပ်ငန်းများ ပြန်လည်စတင် နိုင်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန် ယူပြီးသည့် ကာလမှစတင်၍ ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းခရီးသွားများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတိုင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တဲ့ ခရီးစဉ်ဒေသတွေကို သွားရောက် လည်ပတ်လျက် ရှိပြီဖြစ်ရာ ၂၀၂၁ ခုနှစ်၊ သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံ ခရီးစဉ်ဒေသများတွင် ပြည်တွင်းခရီးသွားဦးရေ (၄၃၂၈၂၉) ဦးအထိ သွားရောက် လည်ပတ်ခဲ့ကြကြောင်း။ သို့သော် ကိုဗစ်-၁၉ ကူးစက်မှုအနေဖြင့် ဇွန်လ ဒုတိယပတ်မှစ၍ မျှော်လင့်ထားသည့် ဗီဇပြောင်းရောဂါပိုး ကူးစက်မှုများ ဖြစ်ပွားလာခဲ့ပြီး ရောဂါကာကွယ် ထိန်းချုပ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း။ ရောဂါကူးစက်မှု မြန်မြန်ဆန်ဆန် ရပ်တန့်စေရေးအတွက်  ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက် သွားကြမည် ဖြစ် ကြောင်း။ ရောဂါကာကွယ် ထိန်းချုပ် ကုသမှုများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်း တွဲဖက်လုပ်ကိုင်နိုင်သည့် Agri Tourism, Faming Tourism, Nature-based Tourism စသည့် သဘာဝနှင့် နီးစပ်သော ခရီးသွား လုပ်ငန်း အမျိုးအစားများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် တိုက် တွန်းလိုကြောင်း၊  ရှိရင်းစွဲခရီးသွား ဆွဲဆောင်မှုများအပြင် ခရီးသွားများ စိတ်ဝင် စားနိုင် မည့် အစီအစဉ်များကို ကြံဆဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းမှ တဆင့် ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေရန်နှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ဒေသထုတ်ကုန်များကို အရည်အသွေး ကောင်းမွန်ပြီး ခေတ်မီဆန်းသစ်သော ထုတ်ပိုးမှုပုံစံများဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ထုတ်ကုန်များ ထုတ်လုပ်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ASEAN Tourism Recovery Plan တွင်ပါဝင်သည့် ကိုဗစ်-၁၉ ကြောင့် ဒေသတွင်း သက်ရောက်မှုများ ကုစားဖြေလျော့ရေးနှင့် ပြန်လည် တိုးတက်ကောင်းမွန်ရေးအတွက် အာဆီယံအဆင့် ဆောင်ရွက်ရမည့် မူဝါဒများ ချမှတ် ခြင်း၊ Common Health Guideline များ ရေးဆွဲဖော်ဆောင်ခြင်း၊ ASEAN Travel Corridor များဖော်ဆောင်ခြင်း၊ အာဆီယံအဆင့် Travel Pass နှင့် Safely Protocol များရေးဆွဲ၍ အပြန်အလှန် အသိအမှတ်ပြုခြင်းနှင့် ASEAN Tourism Recovery Fund ထူထောင်ခြင်းကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးခွဲများ၊ ခရီးစဉ်ဒေသများရှိ ဒေသခံအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ကနဦးစီမံချက် (Pilot Project)များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဆိုသည်ကို သိရကြောင်း၊ ကနဦးစီမံချက်ပါ အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည့် ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ် များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေး ကောင်စီများအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း။

ခရီးသွားလုပ်ငန်းသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုသော်လည်း ခရီးသွားဧည့်သည်များကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန့်ပွား နိုင်သည့်အတွက် ခရီးသွားလုပ်ငန်း ပြန်လည်စတင် ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပြုစုရေးဆွဲ ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် လမ်းညွှန်ချက် များကို အလေးထားလိုက်နာကြရန် အထူးကြပ်မတ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ခရီးသွားလုပ်ငန်းဆိုင်ရာ များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုကိုပြသသည်။

ထို့နောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ယခင် ဗဟို ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေများ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဖွဲ့စည်းမှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ပြည်တွင်း ခရီးသွားမြှင်တင်ရေးအစီအစဉ်များ ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အလုပ်သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်  တို့က ခရီးသွားလုပ်ငန်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်များနှင့် စိန်ခေါ်မှုများ၊ ခရီးသွားလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ ခရီးသွား လုပ်ငန်းတွင် ပြည်ဝင်ဗီဇာ ထုတ်ပေးနေမှုအခြေနေနှင့် ပြည်တွင်း ပြည်ပ ခရီးသွား လာ ကန့်သတ်မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ လာနိုင်မည့် အခြေအနေများ၊ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ခွင့်ပြု ဆောင်ရွက်နေမှုများ၊ သဘာဝအမွေအနှစ် တန်ဖိုးများနှင့် တည်ရှိမှုများ၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ ကူညီထောက်ပံ့မှု၊ ခရီးသွားလာခြင်းနှင့် စပ်လျဉ်းသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများနှင့် အသွားအလာကန့်သတ် ထိန်းချုပ်ဆောင်ရွက်မှုများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာသို့  အသိပေးပြန်ကြားမှုများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ ခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များက ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ခရီးသွား လုပ်ငန်းသည် ဦးစားပေး အစီအစဉ်အလိုက် ဖော်ဆောင်ရမည့် လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်း၊ ခရီးသွားများနှင့် ဒေသခံများ၏ လုံခြုံရေး အာမခံပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်  သက်ဆိုင် ရာ လုပ်ငန်းရှင်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပြီး  အစည်းဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)