နေပြည်တော် ဇွန် ၃၀
အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲ (2nd Regional Workshop on Reviewing and Updating the ASEAN Common Competency Standards for Tourism Professionals-ACCSTP) ကို ဇွန် ၂၉ ရက်နှင့် ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှု ကော်မတီ (ASEAN Tourism Professional Monitoring Committee-ATPMC) ဥက္ကဋ္ဌ ဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ATPMC အဖွဲ့ဝင်များ၊ အဖွဲ့ဝင်နိုင်ငံအလိုက် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အဖွဲ့(National Tourism Professional Board-NTPB) နှင့် ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ (Tourism Professional Certification Board-TPCB) အဖွဲ့ဝင်များ၊ ပုဂ္ဂလိက ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အိမ်ရှင်နှင့် ဦးဆောင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ACCSTP ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပြီး ဟိုတယ် ဝန်ဆောင်မှုကဏ္ဍအတွက် အလုပ်အကိုင် အမျိုးအစားများ၊ အလုပ်အကိုင် အမျိုးအစားအလိုက် ဧည့်ကြိုလုပ်ငန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးလုပ်ငန်း၊ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် Core and Generic Competencies များ၊ Functional Competencies များ၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု ကဏ္ဍအတွက် အလုပ်အကိုင်အမျိုးအစားများ၊ အလုပ်အကိုင် အမျိုးအစားအလိုက် ခရီးသွား ကိုယ်စားလှယ် လုပ်ငန်းနှင့် ခရီးလှည့်လည်ရေးလုပ်ငန်းများအတွက် Core and Generic Competencies များ၊ Functional Competencies များ အပြီးသတ် ပြင်ဆင်မွမ်းမံမှုများကို ပါဝင်တက်ရောက်သူများမှ တက်ကြွစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)