နေပြည်တော် ဇွန် ၃ဝ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍအောက်ရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး က ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းကြောင့် မြန်မာနိုင်ငံ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အရာထမ်း/အမှုထမ်းများ အနေဖြင့် တွေ့ကြုံရသည့် အခက်အခဲ၊ ပြဿနာများကို ဖော်ထုတ်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တွေးခေါ်ကြံဆ စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် အရည်အသွေး ရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သတ္တုကဏ္ဍအနေဖြင့် သတ္တုတွင်းလုပ်ငန်းများ ပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာများ၊ နိုင်ငံတကာ စံသတ်မှတ်ချက်နှင့် နမူနာကောင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့အလားအလာများကိုလည်းကောင်း၊ ကျောက်မျက်ကဏ္ဍအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ အချောထည်ကဏ္ဍ၊ မြန်မာ့ကျောက်မျက် ရတနာအရိုင်းနှင့် အချော ထည်များကို ပြည်တွင်းတွင်ရောင်းချမှုနှင့် ပြည်ပတင်ပို့ရောင်းချမှု၊ ပြည်တွင်းအချောထည် ထုတ်လုပ် သူများအတွက် ကျောက်မျက် ရတနာအရိုင်းရရှိနိုင်မှု၊ နည်းပညာနှင့် မတည်ရင်းနှီးငွေများ ရရှိနိုင်မှု၊ အချောထည်ထုတ်လုပ်ရန် ပြည်ပမှ ရင်းနှီးမြှုပ်နှံနိုင်မှု၊ နိုင်ငံတကာအဆင့်မီ ကျောက်မျက် သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောက်မျက်အချောထည်အတွက် သတ်မှတ်ကောက်ခံသင့်သော အခွန်အခများနှင့် ပတ်သက်သည့် အခြေအနေများကိုလည်းကောင်း၊ ပုလဲကဏ္ဍနှင့်ပတ်သက်၍ “မြန်မာ့ပုလဲ အရောင်မမှိန်စေဖို့ ဂေဟစနစ်ကို ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ရေ၊ မြေ၊ လေ သဘာဝ သန့်ရှင်းစင်ကြယ်ဖို့ အစဉ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ မုတ်ကောင်သဘာဝ ဖွံ့ဖြိုးတိုးတက် စေရန် ဂေဟစနစ်အား ထိန်းသိမ်းနိုင်ရေး၊ ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးတက်စေရေး ဆောင်ရွက်နိုင်ရေးကို စားပွဲဝိုင်း ဆွေးနွေးပွဲများဖြင့် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ရရှိလာသည့်အချက်အလက်များကို အုပ်စုအလိုက် အပြန်အလှန် ဆွေးနွေးဖလှယ် ကြပြီး ဆွေးနွေးပွဲ ရလဒ်များနှင့် အနှစ်ချုပ်များကို သက်ဆိုင်ရာ ဦးစီးဌာန/လုပ်ငန်းများမှ ဌာနအကြီးအကဲများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)