Skip to main content

ဒုတိယဝန်ကြီး ဦးမင်းထိန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃/၀) မှ (၅/၄)ကြားရှိ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် Eco Green City Projectရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလုပ်ငန်းများ ရှင်းလင်းတင်ပြရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များကို မှာကြားသည်။

ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟို သင်တန်းကျောင်း (သုဝဏ္ဏ)သို့ သွားရောက်၍ သင်တန်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် လမ်း၊ တံတား၊ မြို့ပြ  အိမ်ရာဖွံ့ဖြိုးရေးအတွက် အဓိကဖြစ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်ရန် လိုပါကြောင်း၊ ၎င်းအတွက် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)တွင် ဝန်ထမ်းများကို အဆင့်လိုက် ကျွမ်းကျင်မှု ညာရပ်များကို စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ) အားနိုင်ငံတကာအဆင့်နှင့်အညီ ပြည့်စုံရေး အဆင့်မြှင့်တင်သွားရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် e-Governmentစနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ရန်နှင့် နိုင်ငံတော်၏တာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်ရန်လိုပါကြောင်း၊ ခေတ်စနစ်နှင့် ကိုက်ညီသည့် အတတ်ပညာများ ဆည်းပူး၍ ပြည်သူ များအတွက် ဖြည့်ဆည်း တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)မှကျောင်းအုပ်ကြီး၊ အင်ဂျင်နီယာချုပ် ဒေါ်လှလှသွယ် က ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ) သင်တန်းခန်းမ ဘက်စုံမွမ်းမံမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တံတားဦးစီးဌာန၊ အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲသို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ အတွက် ဓာတ်ခွဲစမ်းသပ်နေမှု၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ပြသထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်