မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုကျင်းပကာ အများစု အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာ လွှဲအပ်ပေးပြီး ဒီမိုကရေစီနိုင်ငံသစ်ကို စတင် တည်ဆောက်ခဲ့သည်။ အများပြည်သူ လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသူ နိုင်ငံသား များ အကျိုးစီးပွားများကို ဒီမိုကရေစီစနစ်နှင့်အညီ အထိုက်အလျောက် အကောင်အထည်ဖော်နိုင် ခဲ့သည်။
၂၀၁၅ ခုနှစ် ဒုတိယငါးနှစ်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အနိုင်ရရှိသည့်ပါတီက နိုင်ငံ့တာဝန်ယူခဲ့ရာ အများပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်ရာ၌ သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအဝင် မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ဒီမိုကရေစီအခွင့်အရေးများကို ပိတ်ပင်တားဆီးခံခဲ့ရသည်။ ထို့အပြင် စီးပွားရေးကဏ္ဍတွင် မှားယွင်းသော မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့သောကြောင့် ကုန်စည်စီးဆင်းမှုနှင့် ကျပ်ငွေတန်ဖိုးများ လျော့နည်း ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း စသည့်လူမှုစီးပွားအခက်အခဲများ ကြုံတွေ့ ခဲ့ရသည်။
အထူးသဖြင့် နိုင်ငံရေး၊ လူမှုရေးတို့ကို အကြောင်းပြု၍ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်သည့် လမ်းကြောင်းပေါ်သို့ ရောက်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလ၌ စည်းလုံးညီညွတ်မှု ပျက်ပြားစေသည့် လှုပ်ရှားဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲ ကာလ၌ တစ်ပါတီတည်း အနိုင်ရလိုသည့် မဲမသမာမှုများအပါအဝင် မတရားသည့် နည်းလမ်း မျိုးစုံဖြင့် ပါတီအနိုင်ရရေး ဆောင်ရွက်ခဲ့သည်။ မဲမသမာမှု၊ မမှန်မကန်ဆောင်ရွက်မှု၊ လူထု အင်အား ကို လွဲမှားစွာအသုံးချမှုများကြောင့် ရွေးကောက်ပွဲနှင့် လူ့အဖွဲ့အစည်း အတွင်း စိတ်ဝမ်းကွဲမှုများ၊ ယုံကြည်မှုကင်းမဲ့ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
ရွေးကောက်ပွဲ မဲမသမာမှုများနှင့်ပတ်သက်၍ တပ်မတော်က ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်အသိပေးခဲ့သော်လည်း လက်မခံဘဲ အနိုင်ရထား သည့်ရလဒ်ဖြင့် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းအားထုတ်ခဲ့ရာ မလွှဲမရှောင်သာဘဲ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းပြီး နိုင်ငံတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်သောအခါ အနိုင်ရပါတီဝန်းရံသူများ၊ အားပေး ထောက်ခံသူများက ဦးစွာငြိမ်းချမ်းစွာဆန္ဒပြကြပြီး ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ အကြမ်းဖက် ဆန္ဒပြမှုများ၊ ဖေဖော်ဝါရီလကုန်မှစတင်၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာခဲ့သည်။
သို့သော် အဖျက်အမှောင့်လုပ်ငန်းများမှာ ရပ်တန့်သွားခြင်းမရှိဘဲ အနိုင်ရပါတီ ဝင်အချို့ဦးဆောင်၍ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို တရားမဝင် ဖွဲ့စည်းပြီး နိုင်ငံတော်ဆန့်ကျင်ရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများကို တန်ပြန်ဆောင်ရွက်ခဲ့သည်။ ထို့နောက် NUG ဟုခေါ်ဆိုသည့် စင်ပြိုင်အစိုးရဖွဲ့စည်းကာ နိုင်ငံတကာနှင့်ဆက်သွယ်၍ တည်ဆဲအစိုးရအား သံတမန်ရေးနှင့် စီးပွားရေးအကျပ် အတည်း အခက်အခဲများ ပေါ်ပေါက်စေရန် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြည်တွင်းမှ လူငယ်များအား စည်းရုံးသွေးဆောင်မြှောက်ပင့်ပေးကာ PDF အဖွဲ့ များဖွဲ့စည်း၍ လက်နက်ကိုင်အကြမ်းဖက်လုပ်ငန်းများကို ဖန်တီးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် ယူစဉ်ကတည်းက နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ “နိုင်ငံတော်အား အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက် သွားရန်” အချက်အား အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့်နိုင်ငံဖြစ်ရာ တိုင်းရင်းသားပြည်သူ အားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တစ်ရပ် ဖော်ဆောင်နိုင်ရေးသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် မတူကွဲပြားသော လူမှုအသိုက်အဝန်းအားလုံး အဆင်ပြေစေရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေးနှင့် တစ်ပါတီအာဏာရှင်စနစ်သို့ သွေဖည် မသွားစေရေး အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးအားလုံးနှင့် ဆီလျော်ကိုက်ညီသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ရန် တစ်စိတ် တစ်ဝမ်းတည်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။