Skip to main content

ကိုဗစ်-၁၉ ရောဂါ လူတိုင်းသတိမူကာကွယ်

ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံ၌ ယခု မေလကုန်၊ ဇွန်လဆန်းမှစတင်၍ ရောဂါဖြစ်ပွားနှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။ ယခုအခါ တစ်နေ့လျှင် ဓာတ်ခွဲ အတည်ပြုလူနာ ရာဂဏန်းတွေ့ရှိနေပြီး နေ့စဉ်ထပ်မံသေဆုံးသူများလည်း ရှိနေသည်။ ဇွန်လဒုတိယပတ်မှစတင်၍ လူနာသစ် ရာဂဏန်းနှစ်ဆကျော်လာသဖြင့် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအပြင် ကုသရေးအတွက်ပါ အလျင်အမြန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်မားမှုနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခုခု ဝင်ရောက်နေမှု ရှိ/ မရှိ ရှာဖွေစစ်ဆေးနေသော်လည်း ယခုရောဂါကူးစက်မှု မြန်ဆန်နေမှုမှာ ထူးခြားသလိုပင်ဖြစ်သည်။ ရောဂါဖြစ်ပွား ရခြင်းမှာလည်း ရောဂါဖြစ်ပွားမှု မြင့်မားနေသော အိမ်နီးချင်းနိုင်ငံအချို့နှင့် ထိစပ်နေသည့် မြို့ရွာများတွင် အဖြစ်များနေသဖြင့် စိုးရိမ်ဖွယ်ရာအခြေအနေဟု ဆိုရမည် ဖြစ်သည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ၎င်းနိုင်ငံနှင့် ထိစပ်နေသည့် ချင်းပြည်နယ်ရှိ မြို့ရွာအချို့၌ ကူးစက်နှုန်း မြင့်မားလာရာမှ စတင်ခဲ့သည်။ ရောဂါကူးစက်နှုန်းမြင့်မားနေသည့်နိုင်ငံများတွင် ကျန်းမာရေးဝန်ထုပ်ဝန်ပိုး တဖြည်းဖြည်းပိလာပြီး ဆေးဝါးပြတ်လပ်မှု၊ ဆေးရုံနှင့်လူနာခုတင် မလုံလောက်မှု၊ ဆရာဝန်နှင့်သူနာပြု မလုံလောက်မှု၊ ကိုဗစ်-၁၉ ရောဂါအတွက် အဓိကလိုအပ်သော အောက်ဆီဂျင်အိုးလိုအပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးနိုင်မှု များကြောင့် ကူးစက်ခံရသူဦးရေများပြားပြီး သေဆုံးမှုများပါ တိုးလာသည်ကို ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကာလကတည်းကကြုံတွေ့ခဲ့ကြရပြီး ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကို ဖြတ်သန်းခဲ့ရာတွင် ဖိဖိစီးစီးဆောင်ရွက်ခဲ့သော်လည်း အရှေ့တောင်အာရှနိုင်ငံ များတွင် တတိယနေရာ၌ ရပ်တည်ရုန်းကန်ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အတွေ့အကြုံများ ရှိခဲ့ပြီးဖြစ်သည်။ ကိုဗစ်-၁၉ မူလဗိုင်းရပ်စ်မျိုးစိတ်သဘာဝကို ဆေးဝါးကုသမှုအပိုင်း၊ ကျန်းမာရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု အပိုင်းနှင့် နိုင်ငံ၏သဘောသဘာဝနှင့် လူတို့၏ကိုယ်ခံအားအခြေအနေတို့အရ ကိုယ်ခံအားနည်းသူများမှအပကူးစက်ခံရ သူအများစုမှာ ကြံ့ကြံ့ခံနိုင်ကြသည်ဟု ဆိုရပေမည်။ ယခုအခါ ဗိုင်းရပ်စ်ရောဂါပိုးသစ်မှာ ယခင်နှင့်မတူဘဲ ပိုမိုလျင်မြန်စွာကူးစက်မှု၊ သေဆုံးမှုများရှိ နေသည်ကို အခြား နိုင်ငံများတွင် တွေ့မြင်နေရသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ကို ကျော်လွှား ရန်အတွက် အခြားနိုင်ငံများနှင့်မတူသည့်အချက်မှာ ရောဂါပိုးစိန်ခေါ်မှုနှင့် နိုင်ငံရေး စိန်ခေါ်မှု၏ဆိုးကျိုးများ နှစ်ထပ်ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံရေးစိန်ခေါ်မှုကြောင့် ထိခိုက်နစ်နာမှုမှာ ရာဂဏန်းမျှသာဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါပိုးသစ်နှင့် တတိယအကြိမ်ရင်ဆိုင်ရမည်ဆိုပါက ပြည်သူများ ထောင်သောင်းချီ၍ ထိခိုက်နစ်နာနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ ယနေ့ အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါနောက်ဆက်တွဲဆိုးကျိုးအပြင် နိုင်ငံရေးပယောဂ နောက်ဆက်တွဲဆိုးကျိုးများအရ ပြည်သူလူထုအားလုံး၏ လူမှုရေး၊ စီးပွားရေး ဆိုးကျိုးများစွာတို့ကို လက်တွေ့ရင်ဆိုင်နေရသည်။ ထို့ကြောင့် ပြည်သူပြည်သားများ အကျိုးစီးပွားများကို ရှေးရှု၍ အစစအရာရာတွင် သတိမူဆင်ခြင်လုပ်ကိုင်ကြရန် လိုအပ်ပေသည်။ ကိုဗစ်-၁၉ ပြဿနာသည် နိုင်ငံရေးပြဿနာထက် ပြည်သူလူထု နစ်နာမှုပိုသည်ကို သတိထားကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ရှိသမျှကျန်းမာရေးအင်အားများဖြင့် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်သော် လည်း မိမိကိုယ်မိမိ ရောဂါကူးစက်မှုမှ ကင်းဝေးစေရန် ကျန်းမာရေးစည်းကမ်း နည်းလမ်းများနှင့်အညီ အထူးသတိပြုနေထိုင်ခြင်းသည်သာလျှင် စိတ်အချရဆုံး ဖြစ်ပေမည်။ ယခုအခါ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးထားခြင်းဖြင့် စိတ်ချရမှုအတိုင်းအတာတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် သိရှိပြီးသားဖြစ်သည့် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ်ကို မဖြစ်မနေတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု၍ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရုံး၊ လုပ်ငန်း၊ ဌာနများတွင် ရောဂါကာကွယ်ရန်အတွက်ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်နှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေး ခြင်း မိသားစုစီမံချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာပါကပြည်သူများအနေဖြင့် ပိုမိုထိခိုက်မှုရှိနိုင်သဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်း၊ သတိပေးခြင်း၊ လိုက်နာဆောင်ရွက်ခြင်းတို့ကို လူတိုင်းလူတိုင်း တက်ကြွစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။