Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၈ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် တရုတ်နိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပသည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများ ကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် Wanda Realm Chongqing ဟိုတယ် Sunac Centro Hall ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံစဉ် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည် ဖော်သွားရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် မြန်မာပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆက် လက် ပူးပေါင်းဆောင်ရွက်ရေးစသည့် ကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဆက်လက်၍ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ အာဆီယံ၏ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေးမူဝါဒနှင့် အာဆီယံနည်းလမ်း တို့နှင့်အညီ မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများကို တရုတ်နိုင်ငံမှ အပြုသဘောဆက်လက် ထောက်ပံ့ရေးကို လည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးမှ ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်တို့၏ တိုးတက်မှုများကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)