နေပြည်တော် ဇွန် ၈
သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင် ရေးဆွဲနိုင်ရေးဆောင်ရွက်ရန်နှင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအတွင်း ရှင်းလင်းတင်ပြ ခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က တည်မြဲအမိန့်မှာ ၂၀၀၉ ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ထားကြောင်း၊ အဆိုပါ တည်မြဲအမိန့်ကို ပြန်လည်သုံးသပ်ပြင်ဆင် ရန်အတွက် အပိုင်းအလိုက် အဆင့်ဆင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုတည်မြဲအမိန့်ကို သုံးသပ်ပြင်ဆင်ရေးဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးဖြစ်ပွားပါက ဖြေရှင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ်အဆင့် စသည်ဖြင့် အဆင့်များသတ်မှတ်ဆောင်ရွက်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေပြောကြားပြီး ဇာတ်တိုက်လေ့ကျင့်မှုများနှင့် ပတ်သက်၍တပ်မတော်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်စီမံ အုပ်ချုပ် ရေးကောင်စီများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြီး မြေပြင်တွင်လက်တွေ့မဆောင်ရွက်မီ Table Top Exercises အနေဖြင့် ဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)