နေပြည်တော် ဇွန် ၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အတူ ဇွန် ၆ ရက် နံနက်ပိုင်းတွင် အောင်မြေသာစံ မြို့နယ် (၂၆)လမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး မန္တလေး မရမ်းခြံဆိပ်ကမ်းမှ စစ်ကိုင်း၊ မင်းကွန်းသို့ လာရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ ရေယာဉ်ပေါ်သို့ အတက်အဆင်း ပြုလုပ်ရာတွင် လွယ်ကူစေရန်အတွက် ဆိပ်ခံဗောထားရှိမည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။
ဖူးမြော်ကြည်ညို ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်း ဒေသရှိ သမိုင်းဝင် ရှေးဟောင်း မြသိန်းတန်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ် လှူဒါန်းပူဇော်ပြီး ဘက်စုံအလှူငွေများ ပေးအပ် လှူဒါန်းသည်။ ယင်းနောက် မင်းကွန်းခေါင်းလောင်း တော်ကြီးအား သွားရောက်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းကွန်း ပုထိုးတော်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းပူဇော်ပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းသည်။ ထိုမှတစ်ဆင့် မင်းကွန်းပုထိုး တော်ကြီး၏ အရှေ့ဘက်မြစ်ကမ်းနဖူးတွင် တည်ရှိသော ကေသရာဇာ ခြင်္သေ့ပုံသဏ္ဌာန် အုတ်ခြင်္သေ့ကြီးများကို ကြည့်ရှုပြီး ကြက်ထောင့်ကန်တော်ကြီးအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင် သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းပူဇော်ပြီး ဘက်စုံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်အဆင်း ကားလမ်းဘေးတွင် တည်ရှိသည့် အရိယဝံသချောင် ရုပ်စုံကျောင်းအား ကြည့်ရှုသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ဒုတိယဧရိယာ အကျယ်ဝန်းဆုံး တိုင်းဒေသကြီးဖြစ်သည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ခရီးသွားလုပ်ငန်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားဇုန်ခြောက်ဇုန် ဖော်ထုတ်ထားရှိပြီး စစ်ကိုင်း၊ မင်းကွန်းဒေသတွင် ခရီးသွားဧည့်သည်များ လာရောက် နိုင်သည့် ဘုရားဖူးခရီးစဉ်များ၊ အခြားလည်ပတ်ရန် ခရီးစဉ်ဒေသများနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ တည်ရှိသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိကြောင်း သိရသည်။
သတင်းစဉ်