Skip to main content

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ “ရွှေအုန်းပင်” စားသောက်ဆိုင်ခြံဝင်းအတွင်း၌ မြေအောက်ခန်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း အများအပြား သိမ်းဆည်းရမိ

နေပြည်တော် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ “ရွှေအုန်းပင်” စားသောက်ဆိုင်ခြံဝင်းအတွင်း၌ မြေအောက်ခန်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိတ္ထီလာမြို့နယ်၊ ကံကောင်းကျေးရွာအနီး မိတ္ထီလာ-မလှိုင်-မြင်းခြံ ကားလမ်းဝဲဘက်ရှိ ဦးပြည့်ဖြိုးသူ(ခ)ကိုပန်းချီ (၃၅) နှစ်နှင့် မဝင်းစုကျော်(ခ)မနီနီ (၃၄)နှစ် (ဘ)ဦးစန်းမောင်တို့ ပိုင်ဆိုင်သော “ရွှေအုန်းပင်” စားသောက်ဆိုင် ခြံဝင်းအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပိုင်ရှင်ဖြစ်သူတို့အား မတွေ့ရှိရဘဲ အလုပ်သမားများဖြစ်ကြသော ကံကောင်းကျေးရွာနေ မတင်တင်မာ(၃၀)နှစ် (ဖ)ဦးအောင်မြင့်စိန်ပါ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့အား တွေ့ရှိခဲ့ရပြီး ခြံဝင်းအတွင်း ဆက်လက်ရှာဖွေခဲ့ရာ သံဃာနား နေဆောင်အနီးတွင် အချင်း ၁၅ ပေ၊ အနက် ၅ ပေခန့်ရှိ မြေကျင်းတစ်ခုအနီးမှ လက်လုပ်မိုင်းအပိုင်းအစများ၊ သံတိုသံစများနှင့် ဘောစေ့များအား လည်းကောင်း၊ သံဃာနားနေဆောင်၏ အရှေ့တောင်ဘက် ပေ  ၅၀ ခန့်အကွာရှိ ထန်းရွက်မိုးတဲအောက်မှ အလျား ၂၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိ အုတ်စီဆောက်လုပ်ထားသည့် မြေအောက်ခန်းတစ်ခုအား တွေ့ရှိရသဖြင့် ဝင်ရောက် စစ်ဆေးခဲ့ရာ အဆိုပါမြေအောက်ခန်းအတွင်း မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်နေ စိုးရန်နိုင် (၂၇)နှစ် (ဘ) ဦးညွှန့်အောင်အား ဦးခေါင်းပွင့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် အလောင်းအား မိတ္ထီလာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါမြေအောက်ခန်းအတွင်း အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ မြေအောက်ခန်းအတွင်းမှ ပေါက်ကွဲထားသည့် လက်လုပ်မိုင်း ၄၀ လုံး၊ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၂၇ လုံး၊ ယမ်းကြိုးတပ်ဆင်ပြီး လက်လုပ်မိုင်း ၃၂ လုံး၊ လက်လုပ်မိုင်း ကိုယ်ထည်အလွတ် ၄၆ လုံး၊ လက်လုပ်မိုင်းကိုယ်ထည်အဖုံး ၂၅၄ ခု၊ ဒီဇယ်ရောစပ်ပြီး အမိုးနီးယား နိုက်ထရိတ် ၅ ပိဿာ၊ ကန့်မှုန့်မျိုးစုံ ၅ ပိဿာ၊ လျှပ်စစ်စနက်တံ ၁၅ ချောင်း၊ ယမ်းကြိုး ၅၀ ချောင်းနှင့် မီးချောင်း ၂ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့သဖြင့် လက်လုပ်မိုင်းများအား သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စားသောက်ဆိုင်ရှိ အလုပ်သမားများနှင့် ပတ်ဝန်းကျင်အား ပဏာမစုံစမ်းခဲ့ရာတွင် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးပြည့်ဖြိုးသူ(ခ)ကိုပန်းချီနှင့် ၎င်း၏ဇနီး မဝင်းစုကျော်(ခ)မနီနီတို့ ၂ ဦးသည် လွန်ခဲ့သော ၂ လခန့်မှစ၍ အဆိုပါခြံဝင်းအတွင်းရှိ သံဃာ နားနေဆောင်အနီးတွင် ဆိုင်အလုပ်သမားများ၊ ပန်းရံဆရာများနှင့် မြေကျင်းတူးပြီး မြေအောက်ခန်း ဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် စားသောက်ဆိုင်အတွင်း မည်သူ့ကိုမျှဝင်ခွင့် မပြုတော့ဘဲ အမည်မသိအမျိုးသား ၅ ဦးသာလျင် ဆိုင်ကယ် ၂ စီးဖြင့် နေ့စဉ်ဝင်ရောက်၍ အဆိုပါမြေအောက်ခန်း အတွင်း ဆိုင်ရှင်လင်မယားနှင့်အတူ သွားလာ နေထိုင်သည်ကိုသာ တွေ့ရှိကြောင်း သိရှိခဲ့ရပြီး ဆိုင်ရှင်ဖြစ်သူ ပြည့်ဖြိုးသူ(ခ)ကိုပန်းချီနှင့် မဝင်းစုကျော်(ခ)မနီနီတို့ ၂ ဦးသည် ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် 5C- 4704 နံပါတ်တပ်ဆင်ထားသော Toyota ယာဉ်ဖြင့် တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အဆိုပါဆိုင်၏ အလုပ်သမား ၁၉ ဦးအား အသေးစိတ်စစ်ဆေးလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဆိုင်ရှင်ဖြစ်သူ ပြည့်ဖြိုးသူ(ခ)ကိုပန်းချီနှင့် မဝင်းစုကျော်(ခ)မနီနီတို့ ၂ ဦးအား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုအပ်သော ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ဖောက်ခွဲရေးပစ္စည်း အများအပြားသိမ်းဆည်းရမိခဲ့သည့် “ရွှေအုန်းပင်”စားသောက်ဆိုင်နှင့် ခြံဝင်းအတွင်းရှိ အဆောက်အဦများအား ဥပဒေနှင့်အညီ ချိပ်ပိတ် သိမ်းဆည်းရန်အတွက် ထပ်မံစစ်ဆေးခဲ့ရာ ခြံဝင်းအတွင်းရှိ ခွေးလှောင်အိမ်အတွင်း ဂျပ်ဖာပုံးဖြင့် ထည့်ထားသော လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် သတ္တုပိုက် ၁၉၄ ချောင်း၊ အဆိုပါပိုက် အဖုံးပိတ် ၂၉၉ ခု၊ အနက်ရောင်ဘောင်းဘီရှည် ၁၂၃ ထည်၊ စစ်မြေပြင်သုံးခြင်ထောင်အစိမ်းနှင့်အညို ရောရာ ၂၂ လုံး၊ ခေါင်းစွပ် ၂၀၀ ခု၊ စောင် ၆ ထည်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

သတင်းစဉ်