Skip to main content

ဒုတိယဝန်ကြီး ဦးအေးထွန်း အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်၊ သီလရှင်များအား ဖူးမြော်ကြည်ညို၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဇွန် ၅ ရက်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းစာဖြေဌာန၊ သင်္ဃန်းကျွန်းစာဖြေဌာန၊ သာကေတစာဖြေ ဌာန၊ ဒဂုံ(ဆိပ်ကမ်း)စာဖြေ ဌာနတို့သို့လည်းကောင်း၊ ဇွန် ၆ ရက်တွင် ဗဟန်းစာဖြေဌာနနှင့် အင်းစိန်စာဖြေဌာနတို့သို့ လည်းကောင်း သွားရောက်၍ စာမေးပွဲကြီးကြပ် ဆရာတော်များနှင့် စာဖြေ သံဃာတော်များ၊ သီလရှင်များအား ဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် သာသနာရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်လျက်ရှိသည့် ကမ္ဘာအေးကုန်းမြေရှိ အမှုထမ်းအိမ်ရာ(၆ ခန်းတွဲ ၄ ထပ်) RC ၂ လုံး တည် ဆောက်နေမှုနှင့် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ အဆောက်အဦအမိုး၊ မျက်နှာ ကြက်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်နှင့် ဌာနကြီးမှူး ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ ပါမောက္ခချုပ် ဆရာတော်နှင့်၊ ဒုတိယပါမောက္ခချုပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြောက်ဥက္ကလာပစာဖြေဌာန၊ ဗဟန်းစာဖြေဌာန၊ တောင်ဥက္ကလာပ စာဖြေဌာနနှင့် ရန်ကင်း စာဖြေဌာနတို့သို့ သွားရောက်၍ စာမေးပွဲ ကြီးကြပ်ဆရာ တော်များနှင့် စာဖြေသံဃာ တော်များ၊ သီလရှင်များအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူ တော်ငွေများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် တောင်ဥက္ကလာပ မြို့နယ်၊ (၁၄/၂)ရပ်ကွက်ရှိ၊ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အတန်းပညာသင်ယူနေကြသည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများကို ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)