နေပြည်တော် ဇွန် ၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များနှင့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များလွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေး ကိစ္စများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ/ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီဥက္ကဋ္ဌ ဉီးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် ကိစ္စများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာစုပေါင်းရုံးရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးပြည်တွင်း/ ပြည်ပစက်မှုနယ်မြေ အတွင်းရှိ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက်ရှိသော Karisma Apparel (Myanmar) Co.,Ltd ၏ CMP စနစ်ဖြင့် စက်ထိုးထည်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် Bellmart (Myanmar) Co.,Ltd ၏ CMP စနစ်ဖြင့် Sleeping Bag ချုပ်လုပ်ခြင်းလုပ်ငန်းများသို့ လည်းကောင်း၊ ဘောနတ်ကြီးကျေးရွာအုပ်စုရှိ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက်ရှိသော i-Land Park Myanmar Limited ၏ စက်မှုဥယျာဉ် မြို့တော်တည်ထောင်ခြင်း လုပ်ငန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးရာ ကုမ္ပဏီအသီးသီးတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးသည်။
(သတင်းစဉ်)