Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တောင်သူအွန်လိုင်း လက်လီ/လက်ကားဈေး ထုတ်ပိုးသိုလှောင်ရုံ၊ ဖြန့်ဖြူးရေးစင်တာ လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက်နံနက် ၇နာရီခွဲတွင် ရန်ကုန်မြို့အထက်ပုဇွန် တောင်လမ်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ပိုင် စက်ဆန်း အုပ်စု(၁၁)၀င်းရှိ မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ တောင်သူအွန်လိုင်းလက်လီ/ လက်ကား ဈေးထုတ်ပိုးသိုလှောင်ရုံနှင့် ဖြန့်ဖြူးရေးစင်တာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌနှင့် YOMA Online Mart မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အဓိက ဦးစားပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ သစ်သီး၀လံများ ပြည်ပတင်ပို့ရာတွင် စံချိန်စံညွှန်းဖြင့် သတ်မှတ်တင်ပို့ နိုင်ရေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းသားများ၏ သဘောတူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရရှိအောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ တောင်သူ အွန်လိုင်း လက်လီ/ လက်ကား ဈေးထုတ်ပိုး သိုလှောင် ရုံနှင့် ဖြန့်ဖြူးရေးစင်တာကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ကုန်သည် လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (MITC) သို့ ရောက်ရှိပြီး မြန်မာ့ပို့ကုန် မြှင့်တင် ရေးခန်းမအတွင်း ခင်းကျင်းပြသထားသော ပြည်ပပို့ကုန်အလားအလာရှိ မြန်မာ့ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟို ဌာန(MITC)၏ ရုံးခန်းများ နေရာချထားမှုကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)