Skip to main content

နိုင်ငံ့ဝန်ထမ်းစံတန်ဖိုး

နိဒါန်း

နှစ်ပေါင်းများစွာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် မိမိတို့၏ တွေးခေါ်စဉ်းစားပုံ၊ ပြောဆိုပြုမူပုံများသည် ခေါက်ရိုးကျိုးခဲ့ပြီ။ အရေးအကြောင်းပေါ်လျှင် သက်စွန့်ဆံဖျား တာဝန် ထမ်းရသည်ကိုပင် အားရဝမ်းသာ ပျော်ရွှင်စွာပါဝင်ခဲ့ဖူးသည်။ စိတ်မပါသော အလုပ်မျိုးတွေ ကိုလည်း ကျိတ်မှိတ်အောင့်အည်းသည်းခံကာ ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ရဖူးသည်။

ဝန်ထမ်းဖြစ်ရန် တကယ်တော့ မလွယ်ကူလှ

ရည်မှန်းချက်ရှိမှ လိုချင်ရာဌာန(သို့မဟုတ်) လုပ်ငန်းကို မိမိကိုယ်တိုင်လျှောက်ထားရသည်။ တစ်ခေါက်တည်းဖြင့် ချောချောမောမော အောင်မြင်သူလည်းရှိသည်။ အခါခါကြိုးစားမှ ဝန်ထမ်းဘဝ ရသူလည်းရှိသည်။ အကြိမ်ကြိမ်အဖန်ဖန် လျှောက်ထားခဲ့ပါသော်လည်း ရွေးချယ်ခြင်း မခံရသူအချို့လည်း ရှိခဲ့သည်။ အချို့လည်း ဆင်းရဲ၏။ အချို့လည်း ဟန်ကျ၏။ ဘဝကိုယ်စီ မတူညီ။ နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံ့ဝန်ထမ်းဘဝမှာတော့ မိမိကပဲ ဒူပေနာပေ အရည်ထူ၍လော မသိ။ စိတ်ညစ်သည်ဟု သိပ်မရှိ။ လိပ်ကြောကြောင်ကော် ပြောင်ချော်ချော်နှင့် ဆင်းရဲပင်ပန်းစွန့်စားခန်းတွေမှာလည်း ပျော်ပျော် ပြုံးပြုံး ဖြတ်သန်းခဲ့ပါ၏။ ရောက်လေရာရာ ပျော်စရာ။ ။

မကြာမီသောကာလ (၂၈-၅-၂၀၂၁)ကတော့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က မိမိတို့အတွက် စံတန်ဖိုးများ အမိန့်ကြော်ငြာစာဖြင့် ထွက်လာခဲ့သည်။ နိုင်ငံ့ဝန်ထမ်းများအတွက် ကျင့်ဝတ်ဆိုင် ရာများ ဖြစ်၍ ပြည်သူအားလုံးနှင့် ဝန်ထမ်းအားလုံး သိရှိနားလည်ထားလျှင် အကျိုးရှိပေမည်။ မှတ်သားကူးယူထားလိုက်လေသည်။ တစ်ခါနှစ်ခါ၊ တစ်ခေါက်နှစ်ခေါက်။ ထပ်ခါထပ်ခါ ဖတ်ကြည့်မိသောအခါ ဘဝ လမ်းညွှန် ဆောင်ရန်၊ ရှောင်ရန် အဖိုးတန် “စံတန်ဖိုးများ” ပါတကားဟု နားလည်လာရသည်။ အောက်ပါ (၈)ချက် ဖြစ်ပါ၏

၁။ နိုင်ငံ့ဝန်ထမ်း ကတိကဝတ်ပြုရခြင်း။

၂။ တာဝန်ကို ထိရောက်မှန်ကန် မြန်ဆန်စွာ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခြင်း။

၃။ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း။

၄။ ယုံကြည်ထိုက်အောင် ရိုးသားဖြောင့်မှန်ခြင်း။

၅။ ပညာရပ်ဆိုင်ရာ တတ်မြောက်ကျွမ်းကျင်မှုနှင့် ထူးချွန်ပြောင်မြောက်ခြင်း။

၆။ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်ခြင်း။ ၇။ တရားမျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း။

၈။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း။

၁။ နိုင်ငံ့ဝန်ထမ်းကတိကဝတ်ပြုရခြင်း

(က) ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ အလေးထားဆောင်ရွက်ရမည်။

(ခ) သဘာဝသယံဇာတအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ထိန်းသိမ်း စောင့်ရှောက်ရမည်။

(ဂ) ပြည်သူများ၏ လိုအပ်ချက်ကို မဆိုင်းမတွ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရေးနှင့် တန်းတူညီမျှမှု ရှိစေရေးတို့အတွက် ပြည်သူ့ ဝန်ဆောင်မှုစံနှုန်းများ မြင့်မားစေရေးတို့ကို ဆောင်ရွက်ရမည်။

(ဃ) လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ကျား/မ ခွဲခြားမှုမရှိဘဲ ပြည်သူများ၏ လုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် စာနာမှု၊ ပြည်သူကို ရိုသေလေးစားမှုနှင့်အတူ အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ရမည်။

(င) ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စံပြဖြစ် နေစေရန် မိမိ၏ ပြုမူဆောင်ရွက်ချက်များကို ကောင်းမွန်သော ရလဒ်ရှိစေရေး သုံးသပ်စဉ်းစား ဆောင်ရွက်ရမည်။

(စ) နိုင်ငံတော်နှင့်အများပြည်သူတို့၏ အကျိုးစီးပွားအတွက် ကောင်းမြတ်သည့်စိတ်စေတနာ၊ ကိုယ်ကျင့်တရားတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်။

(ဆ) ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။

၂။ တာဝန်ကို ထိရောက်မှန်ကန်မြန်ဆန်စွာ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်ဆောင်ရွက်ခြင်း

(က) ဝန်ထမ်းအချင်းချင်း၊ ဌာနအဖွဲ့ အစည်းအချင်းချင်း ( ထိရောက်စွာ ချိတ်ဆက်ပေါင်းဆက် ညှိနှိုင်းဆောင်ရွက်ရမည်။

(ခ) ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို လိုလားစွာဖြင့် ထိုးထွင်းကြံဆ၍ အချိန်နှင့် တစ်ပြေးညီ မှန်ကန်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

(ဂ) မိမိလုပ်ငန်းတာဝန်နှင့် နှီးနှောဆက်နွယ်နေသည့် ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။

(ဃ) လုပ်ငန်းတာဝန်များကို အမှားအယွင်းမရှိစေရန် တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက်ရမည်။

၃။ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း

(က) နိုင်ငံတော်နှင့် အဖွဲ့ အစည်း၏ တိုးတက်ရေးကို ရှေးရှု၍ အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး မှတ်သားနိုင်စွမ်းရှိရမည်။

(ခ) မိမိတို့၏ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်စွမ်းရှိရမည်။

(ဂ) မိမိအဖွဲ့အစည်းအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရမည့်အပြင် ခေတ်နှင့်လျော်ညီ သည့် အတတ်ပညာနှင့် ဆန်းသစ်တီထွင်နိုင်သည့် အတွေးအခေါ်ရှိရမည်။ ။

(ဃ) လုပ်ငန်းခွင်အခက်အခဲများကို သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်း ကောင်းများဖြင့် အောင်မြင်စွာ ကြံဆဖြေရှင်းနိုင်စွမ်း ရှိရမည်။

(င) နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်ပြီး စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်စွမ်း ရှိရမည်။

(စ) ဖြတ်ထိုးဉာဏ်ကောင်း၍ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမည်။

၄။ ယုံကြည်ထိုက်အောင် ရိုးသားဖြောင့်မှန်ခြင်း

(က) ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် ရိုးသားဖြောင့်မတ်မှုရှိရမည်။

(ခ) ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို အကောင်းဆုံးစောင့်ထိန်းရမည်။ ။

(ဂ) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် မလျော်သြဇာ သုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်။

(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့အတွက်ထိန်းသိမ်းစောင့်ရှောက်ရမည်။

(င) အစိုးရနှင့်ပြည်သူအကြား ကောင်းမွန်သောယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်းနိုင်ရေး ဦးတည်ကြိုးပမ်းရမည်။

(စ) ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ ရောထွေးမှု မရှိစေရေး စောင့်ထိန်းရမည်။

(ဆ) လုပ်ငန်းခွင်အတွင်း အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရမည်။

(ဇ) လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် သတင်းအချက်အလက်များ ပေါက်ကြားမှု မရှိစေရေး အထူးသတိပြု ထိန်းသိမ်းရမည်။

(ဈ) ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော်၊ မိမိဌာနအဖွဲ့အစည်းနှင့် ပြည်သူတို့အပေါ် သစ္စာရှိရမည်။ (ည) ဌာနအဖွဲ့ အစည်းက ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်နိုင်သူ ဖြစ်ရမည်။

(ဋ) ဝန်ထမ်းအချင်းချင်း၏ ယုံကြည်လေးစားအားကိုးထိုက်သူဖြစ်ရမည်။

(ဌ) မိမိဌာနအဖွဲ့ အစည်းနှင့် ဝန်ထမ်းအချင်းချင်းအပေါ် အထင်အမြင်လွဲမှားစေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ကြဉ်ရမည်။

(ဍ) ဌာနအဖွဲ့ အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။

(ဎ) မိမိ၏ အခွင့်အာဏာနှင့်ဆက်နွယ်၍ မည်သည့်စီးပွားရေး လုပ်ငန်းများတွင်မျှ ကိုယ်ကျိုး စီးပွား ပါဝင်ပတ်သက်ခြင်းမပြုရ။

၅။ ပညာရပ်ဆိုင်ရာ တတ်မြောက်ကျွမ်းကျင်မှုနှင့်ထူးချွန်ပြောင်မြောက်ခြင်း

(က) ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြင့်မားလာ စေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးရမည်။

(ခ) အများပြည်သူဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များကို အရည်အချင်းပြည့်ဝစွာဖြင့် ချမှတ် အကောင်အထည်ဖော်နိုင်ရေး လေ့လာဆည်းပူးရမည်။

(ဂ) ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် အမြင့်မားဆုံးသော ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်း များဖြင့် စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်ပေးရမည်။

(ဃ) လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တာဝန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည်အခြေပြု စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျွမ်းကျင်မှု အရည် အချင်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် လေ့လာဆည်းပူးရမည်။

(င) ခေတ်မီဆက်သွယ်ရေး နည်းပညာများကို တတ်သိနားလည်ပြီး အသုံးချနိုင်စွမ်း ရှိရမည်။ (စ) နိုင်ငံတော်နှင့်ဌာနအဖွဲ့အစည်းများမှ ထုတ်ပြန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလေ့လာဆည်းပူးရမည်။

(ဆ) ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(ဇ) မိမိရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက် နိုင်ရမည့်အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျွမ်းကျင်မှုရှိစေရန် ပံ့ပိုးကူညီပေး ရမည်။

(ဈ) အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး မှတ်သား ဆောင်ရွက် ရမည်။

၆။ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်ခြင်း

(က) ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးအဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်းမပြုရ။

(ခ) ဌာန၊ ဒေသ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများနှင့်အညီ လိုက်လျောညီထွေ အပြန်အလှန် လေးစားစွာဆက်ဆံဆောင်ရွက်ရမည်။

(ဂ) လုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအစိုးရ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါက ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်။

(ဃ) မိမိအားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အချင်းချင်း ရိုင်းပင်းကူညီ၍ အဖွဲ့ အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရမည်။

၇။ တရားမျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း

(က) အဂတိတရားကင်းရှင်းစွာ အချိန်နှင့်တစ်ပြေးညီဝန်ဆောင်မှုပေးရမည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် ဒေသန္တရဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ဂ) ဘက်လိုက်မှု ကင်းရှင်းရမည့်အပြင် အများပြည်သူ အထင်အမြင်လွဲမှားစေနိုင်သည့် အပြုအမူ၊ အပြောအဆိုတို့ကိုလည်း ရှောင်ကြဉ်ရမည်။

(ဃ) ပြည်သူများကို လေးစားမှု၊ စာနာမှုနှင့် တရားမျှတမှုတို့ဖြင့်ဆက်ဆံရမည်။

(င) ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်မျှတစွာ ချမှတ်ရမည်။

(စ) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။

၈။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း

(က) နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပွင့်လင်းမြင်သာမှုဖြင့် မှန်ကန်စွာ ဆောင်ရွက်ရမည်။

(ခ) လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် မိမိ၏လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက် များအတွက်တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။

(ဂ) ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။

(ဃ) တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုတို့ဖြင့် ဆောင်ရွက်ရမည်။

နိုင်ငံ့ဝန်ထမ်းဘဝသည် ရဲရင့်ရသည်။ သတ္တိရှိမှ ပြဿနာမျိုးစုံကို ရင်ဆိုင်ကျော်လွှား အောင်မြင်စွာ ဖြေရှင်းဖြတ်သန်းသွားနိုင်သည်။ ရှေ့မှာရန်သူ၊ နောက်မှာခုံရုံးဟု နောက်ပြောင် သလိုလို ပြောတတ် ကြ၏။ အမှန်ပင်။ အမေးရှိလျှင် အဖြေရှိ၏။ အသွားရှိသော် အပြန်ရှိစမြဲ။ အခံရှိလျှင် အအုပ်လည်းပါသည်ပဲ။ ပြဿနာရှိသော် ဖြေရှင်းနည်းတွေထဲက အကောင်းဆုံး ရွေးချယ်ဆုံးဖြတ်ရမည့် အဖြေက ရှိနေပြီးသားပါပဲ။ နိုင်ငံတော်ကို ဦးထိပ်ထားမည်။ မှားစရာ မရှိ။ ပြည်သူ့အကျိုးကို စိတ်ကောင်းစေတနာ အမွန်အမြတ်ထား၍ ကောင်းကျိုးဆောင်မည်။ အောင်မြင်မည်။ အမျိုးသားရေးအကျိုး စီးပွားကို မေ့လျော့၍ အုပ်စုတစ်စုတစ်ဖွဲ့ တစ်ပါတီ အတွက် ဦးစားမပေးရ။ မှားတတ်သည်။

နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံနှင့်ပြည်သူအတွက်ထာဝရသစ္စာရှိစွာ ဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ စေတနာ၊ စွမ်းဆောင်ရည် ကောင်းကြရ ပေမည်။ မျက်စိမှုန်မှိုင်း၊ နားလည်းထိုင်းစေ၊ ခါးကိုင်းပါစေ။ သစ္စာ၊ ဓမ္မ၊ ဝီရိယနှင့် စာဂညီပေ။ ထမ်းရွက်နေမည်။ ဘိုးဘွားစဉ်ဆက်၊ တိုးတက်ရမည်။ တို့ပခုံးထက်က တာဝန်တွေကို အကောင်းမွန်ဆုံး ထမ်းရွက်ကြမည်လေ။ ။

 

ဗညားကျန်းထော