Skip to main content

ပြည်သူများအတွက် ဆောင်းပါးရှင်များပေးတဲ့ခွန်အား အမှန်နဲ့အမှား ဓမ္မနဲအဓမ္မပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီနှင့် အခြားဆောင်းပါးများ

ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်အတွက် စာအုပ်အမှတ်စဉ် ၂၂ ဖြစ်သည့် “အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့ လိုပါပြီနှင့် အခြားဆောင်းပါးများ” ပါဝင်သော မေလတွင် ပထမအကြိမ်အဖြစ်ထုတ်ဝေထားသည့် စာအုပ်ကို စာချစ်သူများ အတွက် မိတ်ဆက်ပေး လိုပါသည်။ ထိုစာအုပ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း နိုင်ငံပိုင်သတင်း စာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံတို့တွင် ဖော်ပြပါရှိခဲ့သည့် ဆောင်းပါး ၉၂ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်ပါသည်။

 

သတင်းစာများတွင်ပါရှိသည့် ဆောင်းပါးများသည် ထိုနေ့ ထိုအချိန်ရှိ နိုင်ငံ၏ဖြတ်သန်းမှု အခြေအနေကို ထင်ဟပ်သည့် အကြောင်းအရာ၊ သမိုင်းအချက်အလက်တို့ကို ဖော်ပြခြင်း ပင်ဖြစ်ပါသည်။ လက်ရှိနိုင်ငံ၏အနေအထားကို စုံလင်စွာ သိရှိနိုင်ရန်ဆောင်းပါး ၉၂ ပုဒ်က ဖော်ညွှန်းနိုင်သည့် အပြင် ပြည်သူများအတွက် အချက်အလက်မှန် ရရှိရန်းဗဟုသုတတိုးပွားရန် စသည့်အကျိုးကျေးဇူး များကိုလည်း ရရှိစေနိုင်မည်ဟု ယူဆမိသဖြင့် ဒီတစ်ပတ်အတွက် စာဖတ်သူတို့ကို ညွှန်းဆိုလို ပါသည်။

နိုင်ငံရေးသဘောတရားများရရှိနိုင်မည်

အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေကွဲပြား ကြဖို့လိုပါပြီ ဟူသော မျက်နှာဖုံးဆောင်းပါးမှာ စာရေးသူ ကနောင်က ရေးသားထားခြင်းဖြစ်ပြီး နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ များတွင် အမှန်နှင့်အမှားတို့ ရောထွေးနေသည့် အခြေအနေ၊ ပြည်သူတွေ လမ်းမှားမရောက်သွား ဖို့အတွက် မှန်ကန်သည့် သတင်းအချက်အလက် များအကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဘာကြောင့်ဖြစ်ပေါ်လာရသည် ဆိုသည့် ခရီးအစမှသည် လက်ရှိအစီအမံများအထိ စနစ်တကျ ထိမိစွာဖြင့် ရေးသားတင်ပြထားသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။ ထိုဆောင်းပါးပါ အချက်အလက်များကို လေ့လာရုံမျှဖြင့် မိမိတို့နိုင်ငံ၏ အခြေအနေ၊ မိမိတို့ မည်သို့နေထိုင် ကျင့်သုံးကြရမည်ဟူသည့် သဘောတရားများကို ပြည်သူများ သိရှိနား လည် သဘောပေါက်စေရုံမျှမက ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်မည့် နိုင်ငံရေး သဘောတရားများကိုပါ ရရှိနိုင်မည်ဟု ယူဆမိပါသည်။

 

ထို့အတူ စိတ်ရွှင်လန်းပင်ပန်းမှုတွေအတွက် ဖြေဖျောက်ရာ “သံစဉ်များနှင့် ခဏတာ...”

ဆောင်းပါးကိုလည်း ညွှန်းဆိုလိုပါသည်။ ထိုဆောင်းပါးတွင် စာရေးသူ မောင်နိုင်က ဘဝခရီးရေရှည် နေထိုင်ရာတွင် အလုပ်အကိုင်၊ ငွေကြေး၊ ဆွေးနွေးဖို့မိတ်ဆွေ၊ ဆုံးမလမ်းညွှန် ပေးမယ့် ဆရာသမားတို့အပြင် စိတ်မကြည်လင် ပင်ပန်းမှုတွေအတွက် သက်သာရာ ဂီတ၏ စွမ်းပကား အကြောင်း၊ သီတဂူဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒတွေထဲက အချို့ အကြောင်းအရာ စတာတွေကို ကောက်နုတ်ဖော်ပြထားသည်။ ကျွဲကူးရေပါ ဆိုသကဲ့သို့ အမှားလုပ်ပြီး လူချစ်မခံဘဲ အမှန်လုပ်၍သာ လူမုန်းခံတော့မည်ဟူသည့် ဆရာတော် မိန့်ကြားချက်မှာ နိုင်ငံ့ဝန်ထမ်းများအတွက်၊ စိတ်ပင်ပန်း လူပင်ပန်းနှင့် ဦးတည်ရာ ပျောက်နေသည့် ပြည်သူများအတွက် ဆေးတစ်ခွက်ဖြစ်စေပါလိမ့်မည်။

 

ဆောင်းပါးများတွင် ဥပဒေရေးရာသိမှတ်ဖွယ် ရာများ၊ ပြည်သူ့နီတိနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ နိုင်ငံသားများ၏ အခွင့်အလမ်းများ၊ ရပိုင်ခွင့်များ၊ နိုင်ငံ့ဝန်ထမ်းများအတွက် သိမှတ်ဖွယ်ရာ ဗဟုသုတများ၊ လူငယ်များအတွက် လမ်းညွှန်ချက် များ၊ CDM လှုပ်ရှားမှုအတွက် ဖြစ်လာနိုင်သည့် အကျိုးဆက်များ အစရှိသည်တို့ကို ဝေဝေဆာဆာဖြင့် စာရေးဆရာ ပေါင်းစုံတို့၏ ရှုထောင့်ပေါင်းစုံမှ တင်ဆက်ခြယ်မှုန်းထားသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။

 

“မရိုးဖြောင့်သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေး သမားများကို နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်များ ဖြစ်ကြသော နိုင်ငံသားတို့က နိုင်ငံရေးရေချိန်နိမ့်နေ သေးသောကြောင့်ဖြစ်စေ၊ မျက်စိလည်၍ဖြစ်စေ၊ ဆုံးဖြတ်ချက်မှားယွင်းမိ၍ဖြစ်စေ မဲပေးရွေးချယ်ပြီး တာဝန်ပေးမိပါက အရာခပ်သိမ်းသည် ဆုတ်ယုတ်ပျက်စီးမည်ဖြစ်ပြီး နိုင်ငံတော်၏ ဂုဏ်သရေကိုလည်း ထိခိုက်ညှိုးနွမ်းစေမည်ဖြစ်သောကြောင့်တည်း” ဟူ၍ ရိုးသားဖြောင့်မတ်ခြင်းနှင့် နိုင်ငံရေးကို ဆောင်းပါးရှင် ဆရာပိုက်တင်က ညွှန်းဆိုထားပါသည်။ "နိုင်ငံရေးဟု ဆိုလျှင် ရိုးသားဖြောင့် မတ်ခြင်းသည် သော့ချက် တစ်ခုဖြစ်တော့၏။ နိုင်ငံရေးသမားတို့သည် ရိုးသားဖြောင့်မတ်ရမည်။ လိမ်လည်လှည့်ဖြားခြင်းကို အခြေခံသော နိုင်ငံရေးသည် ယိုယွင်းပျက်စီးခြင်းသို့ ဦးတည် သည်ဖြစ်၏။ နိုင်ငံရေးသမားတို့သည်လည်း ပျက်စီးလိမ့်မည်တည်း။ နိုင်ငံရေးပါတီ တို့သည်လည်း ပျက်စီးလိမ့်မည်တည်း။ နိုင်ငံသည်လည်း ယိုယွင်း ပျက်စီးလိမ့်မည်တည်း။”ဟူ၍ ဆောင်းပါးရှင်က နိုင်ငံရေးနှင့် ရိုးသားမှုအကြား မည်သို့မည်ပုံနေထိုင် ပြုမူသင့်သည်ကို လမ်းညွှန်ထားသည်ကိုလည်း မြင်တွေ့ရသည်။

 

ခွန်အားဖြစ်စေသည့် ဆောင်းပါး

 

ဆောင်းပါးရှင်စွန်ရဲ၏ “ကြည်နူးဖြတ်သန်း နိုင်ငံ့ဝန်ထမ်းဘဝ” ဆောင်းပါးတွင်တော့ နိုင်ငံ့ ဝန်ထမ်းတစ်ဦး ထားရှိရမည့် စိတ်နေစိတ်ထား၊ ဖြတ်သန်းမှုအတွေ့အကြုံများကို ခံစားချက် အပြည့်ဖြင့် ဖော်ညွှန်းထားရာ ဖတ်ရှုနေရသည့်သူများပင် နိုင်ငံ့ဝန်ထမ်းဘဝကို လေးစား အားကျမှု ရှိလာရသည်အထိ ခွန်အားဖြစ်စေသည့် ဆောင်းပါးဟု တင်စားလိုပါ သည်။ “နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမျှ သစ္စာခံရသည်မဟုတ်ပေ။ နိုင်ငံတော်ကိုသာ သစ္စာခံယူရန်ဖြစ်သည်” ဟူ၍ နိုင်ငံ့ဝန်ထမ်း များထားရှိရမည့် သစ္စာတရားကို တိတိကျကျ ထည့်သွင်းရေးသား ထားခြင်းပင် ဖြစ်ပါသည်။

 

ထို့အတူ ရပ်ထဲရွာထဲမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ အပြန်အလှန် စကားပြောခန်း ဖြင့် တိုင်းရေးပြည်ရေး ပြောဆိုကြဟန်ကို ဆောင်းပါးရှင် ဒေါင်က ရေးဖွဲ့ထားသည်။ အဆိုပါစကား ပြောခန်းများအတွင်း နိုင်ငံတော်၏ ဒီမိုကရေစီ ခရီးတစ်ထောက် လက်ရှိကာလ၏ ပြည်သူအကြားက တွေဝေဒွိဟဖြစ်စရာများ၊ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများစသည်တို့ကို မြင်တွေ့ရသကဲ့သို့ ယင်းတို့ကို မည်သို့မည်ပုံ ကျော်လွှား ဖြတ်သန်းကြမည် ဆိုသည်ကိုလည်း စကားလက်ဆုံပြောဆိုရင်း အကြံဉာဏ်ကောင်းများ ဖော်ပြထားသည်ကို မြင်တွေ့ရသည်။ ။

 

ဆောင်းပါးရှင် ဦးကျော်စိန်(ပညာရေး)၏ ဒီမို ကရေစီလမ်းပေါ်လျှောက်ကာ လမ်းပျောက်ခဲ့ခြင်း ဆောင်းပါး၊ ဆောင်းပါးရှင် ကိုထွန်းခင်၏ သတိရှိကြပါစေ ဆောင်းပါး၊ မောင်သိဒ္ဓိ၏ အချိန်တန်ပါပြီ ဆောင်းပါးတို့မှာလည်း လက်ရှိနိုင်ငံရေးအခြေအနေ အပေါ်ထင်ဟပ်နေသည့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို လျော့ပါးစေပြီး အမှားအမှန်ဝိဝါဒကွဲပြား မှုရှိစေရန် အကူအညီ ပေးနိုင်သည့် စာကောင်းပေမွန် များဖြစ်ပေသည်။ “သဒ္ဓါလွန်ပါက ယုံလွယ်သည်။ ယုံစားမိတတ် သည်။ သဒ္ဓါလွန်ပြီး ပညာမလိုက်နိုင်က မယုံသင့်၊ မယုံထိုက်သူများကို ယုံမိတတ်ကြသည်။ ယုံကြည်မှုလွန်ကဲသောအခါ ဆင်ခြင်တုံတရ နည်းပါးသွားကာ မျက်စိမှိတ်ယုံနေတော့သည်။ မှားနေသည်ကို တွေ့လျှင်လည်း မထောက်ပြရဲ၊ မပြောရဲ။ လွဲနေသည်ကို မဖော်ပြရဲ။ ထိုကဲ့သို့ သဒ္ဓါ လွန်ခြင်းကြောင့် ဘေးကျရောက်တတ်သည်” ဟူ၍ ဆောင်းပါးရှင် ကိုထွန်းခင်က သတိရှိကြပါကုန် ဆောင်းပါးတွင် စိတ်ခံစားမှုအစုစုကို သတိတမံ၊ ဉာဏ်မြေကတုတ် ပညာချွန်းဖြင့် အုပ်စီးနိုင်ကြပါရန် တိုက်တွန်းထားသည်ကိုလည်း မြင်တွေ့ရပါသည်။

 

စာရှုသူများထံ မိတ်ဆက်

လုံမလေးသို့...၊ မိမိတို့၏ရင်သွေး သားသမီး များကို ချစ်လှပါသည်ဆိုသော မိခင် ဖခင်များ ထံသို့ အိတ်ဖွင့်ပေးစာ၊ မဗျိုင်းသို့ အိတ်ဖွင့်ပေးစာ၊ သက်ဆိုင်သူများ သိစေချင်ပါသည်၊ ဝေဒနာရှင် ပြည်သူများ၏ ရင်တွင်းမှ ငိုရှိုက်သံများကို ကြားသိနိုင်ပါစေ စသည့်ဆောင်းပါးများသည် ပြည်သူများ၏ လက်ရှိ ကြုံတွေ့နေရသည့်၊ ခံစား သိမြင်နေရသည့် အခက်အခဲများ၊ မျှော်လင့် ချက်များကို ဖော်ညွှန်းပြဆိုနေသည့် ဆောင်းပါး များပင်ဖြစ်သည်ဟု စာရှုသူများထံ မိတ်ဆက် ပေးလိုပါသည်။

“မင်းတို့နေတဲ့ရပ်ကွက်ကို မီးလင်းအောင် မီးခလုတ်ဖွင့်ပေးမယ့် ဝန်ထမ်းက ရုံးမတက်ရင် မီးမှောင်နေမှာက ဘယ်သူတွေလဲ။ မီးအလင်းရောင်မရှိရင် နေ့စဉ်လူမှုဘဝမှာ ဘယ်လောက်ထိ အဆင်မပြေဖြစ်မလဲ။ အဲဒီဝန်ထမ်းက အစိုးရ တာဝန်ကို ထမ်းဆောင်တာလား၊ မင်းတို့ရပ်ကွက် ရဲ့ မီးလင်းရေးတာဝန်ကို ထမ်းဆောင်တာလား။ ကျောင်းဆရာဆရာမဟာ ဘယ်သူကို စာသင်တာလဲ။ အစိုးရကိုလား။ မင်းတို့ညီငယ်ညီမငယ်တွေကိုလား။ ဆေးရုံက ဆရာဝန်က အစိုးရကို ဆေးကုတာလား၊ ရပ်ရွာပြည်သူကို ဆေးကုတာလား။ ဒီလိုလေးတွေ မင်းတို့စဉ်းစား ကြည့်စမ်းပါ။ ဒီလိုပဲ နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူတွေအတွက် ဝန်ဆောင်မှုကို ကျရရာ နေရာကနေ ထမ်းရွက်နေကြရတာ။ မင်းတို့တွေးသလို၊ လူမှုကွန်ရက်မှာ စည်းလွတ်ဝါးလွတ် ပြောဆိုစည်းရုံးနေကြသလို  CDM လုပ်တာ ဘယ်သူတွေကို အရင်ဆုံးထိခိုက်စေ မလဲ” ဆိုပြီး သူငယ်ချင်းသို့ ... အမည်ရှိ ဆောင်းပါးမှာ ဆောင်းပါးရှင်မောင်နိုင်က CDM လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ချက်ကျကျ ဝေဖန် ထားသည်ကို မြင်တွေ့ရပါသည်။ ။

 

ဆောင်းပါးပုဒ်ရေ ၉၀ ကျော် ပါဝင်သော အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ ပြည်သူတွေကွဲပြား ကြဖို့ လိုပါပြီနှင့် အခြားဆောင်းပါးများ စာအုပ်မှာ စာဖတ်သူများအတွက် ဗဟုသုတနှင့် ရသစုံ၊ အတွေးအမြင်ပေါင်းစုံကို ပေးစွမ်းပြီး မပျင်းမရိ လက်ကပင် မချနိုင်လောက်အောင် ဆွဲငင်ခေါ်ဆောင်ဖတ်ရှုစေနိုင်မည့် စာအုပ်ကောင်းတစ်အုပ် ပင်ဖြစ်သည့်အကြောင်း စာချစ်သူများထံ စာမြည်းမိတ်ဆက်လိုက်ရပါသည်။ ထိုစာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ဖြန့်ချိထားကြောင်း သိရှိရပြီး စာအုပ် တန်ဖိုးမှာ ၃၅၀၀ ကျပ်ဖြစ်ပါသည်။

 

ကြည်ဇင်သော်