Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းသုံးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ ဇွန်  ၆

 

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၃၅၅၇၁ ဦးနှင့် အတွင်းလူနာပေါင်း ၇၀၂၃၅ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

 

ယင်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၀၉၇၂ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၅၆၅၁ ဦး၊ စုစုပေါင်း ၁၆၆၂၃ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၅၆၀၅ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၁၄၃ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၃၇၄၈ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်