နေပြည်တော် ဇွန် ၆
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိတပ်မတော် အရိုးရောဂါ အထူး ကုဆေးရုံကြီး (ခုတင်-၅၀၀)ရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး(ခုတင်၅၀၀) တပ်မှူးဗိုလ်မှူးချုပ် လှအောင်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ သွေးလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဒေါက်တာ သန်းထွန်းဦး၊ လှည်းကူးမြို့နယ်ဥက္ကဋ္ဌ ဦးသိန်းလွင်တို့က သွေးလှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင် ၅၀ဝ) တပ်မှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် မြို့နယ်သံဃာ့ နာယကအဖွဲ့၊ ဓမ္မမေဒနီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမသီရိက အလှူငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုလက်မှတ်ပြန်လည် ဆက်ကပ်သည်။
ယင်းနောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွေးလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပြီး တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင် ၅၀ဝ) တပ်မှူးက အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ အသင်းဝင်များ၊ သွေးလှူရှင်များ သွေးလှူဒါန်းနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီး သွေးအလှူရှင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်