Skip to main content

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဌ စက်မှုဇုန်များရှိ စက်ရုံလုပ်ငန်းရှင်များ ကုန်ကြမ်းဝယ်ယူရရှိရေးလက်လီ၊ လက္ကား အရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၆

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များရှိစက်ရုံများ ကုန်ကြမ်းဝယ်ယူရရှိရေးနှင့် ပတ်သက်၍ ကုန်ကြမ်းဝယ်ယူလိုသော စက်ရုံလုပ်ငန်းရှင်များ၊ စက်မှုကုန်ကြမ်း လက်လီ၊ လက္ကားရောင်းချ သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၊ ဇွန် ၅ ရက် မွန်းလွဲ ၂ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းသတ်မှတ်ချက်များနှင့်အညီ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေက စက်မှုဇုန်များမှ စက်ရုံလည်ပတ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ဝယ်ယူနိုင်ရေး ငွေပေးချေရမည့် နည်းလမ်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာကြသော စက်မှုကုန်ကြမ်းဝယ်ယူလိုသူ လုပ်ငန်းရှင်များနှင့် စက်မှုကုန်ကြမ်း လက်လီ၊ လက္ကားရောင်းချသူ လုပ်ငန်းရှင်များက လက်ရှိတွေ့ကြုံနေရသော အခက်အခဲများ၊ စက်ရုံလည်ပတ်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ စက်မှုကုန်ကြမ်း ဝယ်ယူနိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်အခြေအနေ၊ ပြည်တွင်းဈေးကွက် လိုအပ်မှုများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး စက်မှုကုန်ကြမ်းပစ္စည်းများအား Mobile Banking ၊ Cheque၊ Account Transfer ၊ Cash တို့ဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အပေါ် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

ကုန်သည်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ စက်ရုံအလုပ်ရုံ ပိုင်ရှင်များအနေဖြင့် ကုန်သွယ်မှု ဆိုင်ရာအခက်အခဲ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲ၊ စက်ရုံအတွက် လိုအပ်သော လုပ်ခလစာ၊ ကုန်ကြမ်းဝယ်ယူမှု အခက်အခဲများရှိပါက လုပ်ငန်းကော်မတီ တယ်လီဖုန်းအမှတ် ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆၊ ၀၉-၆၆၄၅၉၆၃၂၇ များသို့လည်းကောင်း ဗဟိုကော်မတီတယ်လီဖုန်းအမှတ်၀၆၇-၄၀၉၆၇၁၊ ၀၆၇-၄၀၉၆၇၂၊ ၀၆၇-၄၀၉၆၇၃ သို့လည်း ကောင်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

 

(သတင်းစဉ်)