နေပြည်တော်၊ ဇွန် ၆
ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းသန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့ရှိ အခြေခံပညာ ကျောင်းများ၌ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ဆောင် အတွင်း၊ အပြင် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်းတို့ကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်