Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ဇွန်လအတွင်း YTRC စံပြ ကျောင်းကားများ အခမဲ့ပြေးဆွဲမည်

ရန်ကုန် ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားမှုဖြင့် တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လအတွင်းတွင် အခြေခံပညာကျောင်းများ လိုလားတောင်းဆိုမှုရှိပါက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် စံပြကျောင်းကား (School Bus) များကို တစ်လတာ အခမဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC ရုံးချုပ် မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက ယင်းသို့ပြေးဆွဲပေးရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေး ဦးစီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ပြေးဆွဲ ပေးမည့် စံပြကျောင်းကား များမှာ ၁၀ ဦးအထက် သယ်ဆောင်နိုင်သော ယာဉ်များ၊ ထိုင်ခုံတိုင်းတွင် အသက်ကယ်ထိုင်ခုံ ခါးပတ်များ၊ အတက် အဆင်း တံခါးပေါက်များတွင် လုံခြုံစိတ်ချရသော စနစ် တပ်ဆင်ထားခြင်း၊ ယာဉ်တိုင်းတွင် သူနာပြု ဆေးသေတ္တာပါရှိခြင်း၊ မီးသတ်ဘူး နှစ်ဘူးပါရှိခြင်း၊ ယာဉ်မယ်များ ပါရှိခြင်း၊ ယာဉ်မောင်း များမှာလည်း အနည်းဆုံး “ ဃ” လိုင်စင်ရှိသူများ ဖြစ်ခြင်း၊ အမြန်နှုန်း ကိုလည်း ကီလို ၄၀ ထက် ပိုမောင်းခွင့်မပြုခြင်း စသည့်စည်းကမ်းသတ်မှတ် ချက်များ ချမှတ်ကာ ကျောင်းသားများယာဉ် အန္တရာယ်ကင်းရှင်းစေရန် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းကားတွေနဲ့ ပတ်သက်လို့ ကျောင်းသား မိဘတွေရော၊ ပုဂ္ဂလိက ကျောင်းကား ပိုင်ရှင်တွေပါ ဗဟုသုတရစေရန် အခုဆိုရင် ရုပ်မြင်သံကြားတွေမှာ ထုတ်လွှင့်ဖို့ YRTC အနေနဲ့ အသိပညာပေးကြော်ငြာ ရိုက်ကူးနေပါပြီ။ မကြာမီ ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်ပြသ ပေးသွားမှာပါ။ အခု ဇွန်လအတွင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်နဲ့ လိုအပ်နေတဲ့ကျောင်းတွေမှာ စံပြကျောင်းကားတွေကို တစ်လတာအခမဲ့ ပြေးဆွဲပေးသွားဖို့ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

အခမဲ့ပြေးဆွဲပေးရန် ဆောင်ရွက်ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)သည် ဇွန်  ၁ ရက်မှ စတင်ကာ ဖွင့်လှစ်ခဲ့သော ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ အခြေခံပညာကျောင်းများတွင် ကျောင်းကားလိုအပ်ချက် ရှိပါက ဝင်ရောက်ကူညီ ပေးနိုင်ရန် စံပြကျောင်းကားအစီး ၁၅၀ လျာထားပြီးဖြစ်သည်။ အခြေခံပညာ ကျောင်းများ၏ လိုအပ်ချက်အရ ပြေးဆွဲပေးရန် YRTC သို့ တောင်းဆိုလာပါက အဆင်သင့်ပြေးဆွဲပေးနိုင်ရန် ပြင်ဆင်လျက်ရှိပြီး ယခု ဇွန်လအတွင်းတွင်လည်း စံပြကျောင်းကားများကို အခမဲ့ ပြေးဆွဲပေးရန် စီစဉ် ဆောင်ရွက်ပြီးဖြစ်ကြောင်း YRTC ရုံးချုပ်မှသိရသည်။

“ကျွန်တော်တို့ YRTC အနေနဲ့ စံပြကျောင်းကားတွေကို စီးပွားရေးအရ ပြေးဆွဲပေးခြင်းမဟုတ်ဘဲ C.S.R အဖြစ် စံနမူနာပြအနေနဲ့ ရည်ရွယ်ပြေးဆွဲပေး တာဖြစ်ပါတယ်။ အဓိကကတော့ ပုဂ္ဂလိကကျောင်းကားတွေ အထူးသတိပြုပြီး လိုက်နာလုပ်ဆောင်နိုင်ဖို့ပါ။ ပြေးဆွဲပေးမယ့် စံပြကျောင်းကားတွေမှာ ကျောင်းသား ကျောင်းသူတွေ လုံခြုံစိတ်ချရေးအတွက် CCTV တွေလည်း တပ်ဆင်ထားပါတယ်။ အခုလို ကျောင်းကားတွေကို ပြေးဆွဲပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် ပိတ်ဆို့မှုလျော့ကျနိုင်ပြီး ကျောင်း ကြို/ပို့ (School Bus)ယာဉ်တွေလည်း စနစ်တကျ၊ စည်းကမ်းတကျနဲ့ ရေရှည်ပြေးဆွဲပေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု YRTC တွဲဖက်အတွင်းရေးမှူးက ထပ်မံပြောကြားသည်။

YRTC မှ ပြေးဆွဲပေးမည့် စံပြကျောင်းကားများတွင် ထိုင်ခုံ ၂၄ ခုံ ဝန်းကျင်ပါရှိသော်လည်း ကိုဗစ်၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန် ချက်နှင့်အညီ ထိုင်ခုံ ၁၂ ခုံကိုသာ အသုံးပြုသွားမည် ဖြစ်ပြီး ယာဉ်ပေါ်မတက်ရောက်မီတွင်လည်း Mask တပ်ဆင်ခြင်း၊ Face shield တပ်ဆင်ခြင်း၊ Hand Gel တို့ဖြင့် လက်ဆေးခြင်းစသည့် ကိုဗစ်-၁၉ ကပ် ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများ အခက်အခဲမရှိ ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ- မင်းထက်