Skip to main content

ကြောက်မက်ဖွယ် ကိုဗစ်-၁၉ ကပ်ရောဂါဘေး သတိမူ

မျက်မှောက်အချိန်ကာလတွင် နိုင်ငံရေး ဂယက်ရိုက်ခတ်မှုကို သတိပြုနေကြသည်။ ယခုအခါ အဆိုပါနိုင်ငံရေးထက် ပိုကြီးသော ကိုဗစ်-၁၉ ကပ်ရောဂါဘေး သတိပြု ရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့ခံစားနေရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါအရှိန်အဟုန် မြင့်မားလာသည်။ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု မမြင့်မားသော်လည်း မြို့နယ်အချို့တွင် ရောဂါကူးစက်မှု မြင့်တက်လာသည်ကို တွေ့ရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအသစ် တွေ့ရှိမှုတွင် မေလနောက်ဆုံးပတ်မှစတင်၍ မြင့်တက်လာသည်။ မေ ၂၇ ရက်တွင် ၉၆ ဦး၊ ၂၈ ရက်တွင် ၇၂ ဦး၊ ၂၉ ရက်တွင် ၄၀၊ ၃၀ ရက်တွင် ၄၅ ဦး၊ ၃၁ ရက်တွင် ၅၈ ဦး၊ ဇွန် ၁ ရက်တွင် ၁၂၂ ဦး၊ ၂ ရက်တွင် ၇၂ ဦး၊ ၃ ရက်တွင် ၁၂၂ ဦး၊ ၄ ရက်တွင် ၂၁၂ ဦးဖြင့် တစ်နေ့ထက်တစ်နေ့ ရောဂါကူးစက်မှုများလာသည်ကို တွေ့ရသည်။ ယခုရက်ပိုင်းတွင် အဆိုပါရောဂါ ကူးစက်ခံရခြင်းကြောင့် လူနာသုံးဦး အသက် သေဆုံးခဲ့သည်။

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး ဇွန်လ ၄ ရက်နေ့တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၇၃ သန်းကျော်၊ ပြန်လည်ကျန်းမာလာသူ ၁၅၅ သန်း ကျော်ရှိပြီး သေဆုံးသူ ကမ္ဘာ့လူဦးရေ လေးသန်းနီးပါး ရှိလာခဲ့သည်။ ယခုအခါ ကမ္ဘာ့ကပ်ရောဂါကြီးသည် ထပ်မံဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားမည်မှာ သေချာနေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများသည် ရောဂါကူးစက်ပြန့်ပွား နေမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်နေကြချိန် တွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို သတိမမူဘဲ နိုင်ငံရေးဂယက် ရိုက်မှုအတွင်းသာ ကျင်လည်နေပါက စိုးရိမ်ရမည့်အနေအထားသို့ ရောက်လာမည် ကို သတိချပ်ရမည်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်မားလာခြင်းမှာ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ အဆိုပါ နိုင်ငံနှင့် ထိစပ်မှုရှိသော နယ်စပ်မြို့နယ်များဖြစ်သည့် တွန်းဇံမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ် တို့တွင် စတင်၍ အစုလိုက်ဖြစ်ပွားလာခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါ ကူးစက် ဆက်လက် ပြန့်ပွားမှုကို ထိရောက်စွာတားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုကို အချိန်မီထိန်းချုပ် နိုင်ရေးအတွက် နေအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ်ဖြင့် ထိန်းချုပ်ကာကွယ်နေသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားပြီး ရောဂါဖြစ်ပွားနှုန်း မြင့်မားလာသည့် ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ် တို့ကိုလည်း ရောဂါဆက်လက် ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ဆက်လက်ထုတ်ပြန်ပြီး ရောဂါထိန်းချုပ် ကာကွယ်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်အခါတွင် ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် အင်အားလျော့နည်း နေသဖြင့် ရှိသည့်ကျန်းမာရေးဝန်ထမ်းများက ရှိသည့်အင်အားဖြင့် ရောဂါထိန်းချုပ်မှုကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ထိရောက်မှု ရှိမည်ဖြစ်သည်။ ။

stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် အစိုးရဌာန၊ အဖွဲ့၊ အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်နေသူများမပါ ကျန်ပြည်သူများ နေအိမ်တွင်သာ နေထိုင်ကြရန် လိုအပ်သည်။ မဖြစ်မနေ ဈေးဝယ် ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ နေအိမ်မှ အပြင်ထွက်လျှင် ပါးစပ်/ နှာခေါင်းစည်းတပ်ဆင်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်သူ၊ ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန် အသိပေးထုတ်ပြန်ချက်များကို အလေးထား လိုက်နာကြရန် လိုအပ်ပါသည်။ ။

သို့ဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းသော ကူးစက်ရောဂါ ဘေးဆိုးကြီးဖြစ်ပွား လာပါက နိုင်ငံရေးကြောင့် ဖြစ်ပေါ်မှုများထက် ထိခိုက်နစ်နာမှု ဆိုးဆိုးရွားရွားဖြစ် နိုင်သဖြင့် ကျန်းမာရေး စည်းကမ်းများကို အထူးအလေးထားလိုက်နာကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။