Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်ကျောင်းများ ယနေ့ ဖွင့်လှစ်၊ ကျောင်းအပ်နှံမှုများကို ကျောင်းဖွင့်ချိန်ကာလအတွင်း ဆက်လက်လက်ခံသွားမည်

ရန်ကုန် ဇွန် ၁ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားမှုများ ရပ်နားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ကျောင်းများကို နိုင်ငံတော်က ယနေ့ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ စတင်ပညာသင်ကြားလျက်ရှိသည်။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်းတွင် ပုံမှန် ကျောင်းသား ကျောင်းသူ ဦးရေ ၆၀၀၀ ကျော် လက်ခံသင်ကြားနိုင်သည့်အနက် လက်ရှိတွင် ‌ကျောင်းအပ်သူ‌ ဦးရေ ၂၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းကျော် အပ်နှံထားကြောင်း သိရသည်။ ကျောင်းအပ်နှံမှုကို ကျောင်းဖွင့်ချိန် ကာလအတွင်း ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းနွယ်က "ကျောင်းတက်ဖို့ ဌာနဆိုင်ရာရဲ့ ညွှန်ကြားချက်နဲ့အညီ ပြင်ဆင်ထားတယ်။ ကျောင်း အပ်နှံရေးကာလဖြစ်တဲ့ မေ ၂၄ ရက်ကနေ ၃၁ ရက်အထိ ကျောင်းသားတွေကို လက်ခံပြီးဖြစ်ပါတယ်။ ကျန်တဲ့ ကျောင်းသားတွေကိုလည်း ကျောင်းတက်နေရင်းပဲ လက်ခံသွားမှာပါ။ ကျောင်းကို အရင်တစ် နှစ်က ပြင်ဆင်ထားပြီးဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး စည်းမျဉ်းစည်း ကမ်းတွေနဲ့အညီ ပြင်ဆင်ထားပါတယ်။ ဒီနှစ်ကတော့ အထူးလုံခြုံရေး အနေနဲ့ ထပ်တိုးပြီး ပြင်ဆင်ထားရှိပါတယ်။ ကျောင်းက အမှန်တကယ် ကျောင်းသားဦးရေ ၆၀၀၀ ကျော်ရှိပါတယ်။ အခု ၂၀၀၀ ကျော် အပ်ပြီး ဖြစ်တဲ့အတွက် ၃၀ ရာခိုင်နှုန်း အပ်နှံပြီးဖြစ်ပါတယ်။ ကျန်တဲ့ ကျောင်းသားတွေလည်း လာရောက်အပ်နှံမယ်လို့ သတင်းကြားပါတယ်။ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ကျောင်းသားတွေကို သတ်မှတ်အကွာအဝေးအတိုင်း ထားရှိသင်ကြားပေးမှာ ဖြစ်ပါတယ်။ တစ်ခန်းကို အခန်း ကျယ်မှာ အယောက် ၅၀ ထားရှိပြီး အချို့အခန်းတွေမှာ အယောက် ၄၀ ထားရှိပါတယ်။ ကျောင်းသားတွေရဲ့ လုံခြုံရေးကိစ္စကိုတော့ ဆရာ ဆရာမ တွေလည်း ဂျူတီရှိပါတယ်။ အရင်က ဆရာမတို့ ကျောင်းမှာ တံခါးပေါက် ရှစ်ပေါက်ကို ဖွင့်ထားတာပါ။ အခု ကာလမှာတော့ နှစ်ပေါက်ပဲ ဖွင့်ထားပြီး ဆရာ ဆရာမတွေ ဂျူတီ စောင့်တယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နဲ့ ရပ်ကွက် ရပ်မိ ရပ်ဖ တွေလည်း စောင့်ပါတယ်။ “ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး စတင်ကျောင်းအပ်နှံစဉ်ကတည်းက အစိုးရကနေ Mask တွေ၊ Face Shield တွေ ဝေထားပါတယ်။ ကျောင်းမအပ်နှံခင် ကတည်းက ကျောင်းရဲ့ နံရံတွေ မှာ ကိုဗစ် -၁၉နဲ့ ပတ်သက်ပြီး သတိပေးစာတွေ၊ ကြေညာချက်တွေ၊ ဗီနွိုင်းတွေ ပတ်ချာလည်ချိတ်ထားပေးပါတယ်။ စာသင်ချိန်မှာ လိုက်နာရမယ့် အချက်တွေကိုလည်း အတန်းတိုင်းမှာ ချိတ်ဆွဲထားပါတယ်။ လက်ဆေးဘေစင်ကိုလည်း တစ်ခန်းကို နှစ်လုံးထားရှိပါတယ်။ ကျောင်းမှာ လက်ဆေးဘေစင်ပေါင်း ၂၅၀ ထားရှိပေးပါတယ်။ အမှိုက်ပုံးတွေကိုလည်း အရင်က အခန်းတစ်ခန်းမှာ အမှိုက်ပုံး တစ်ပုံးထားရှိရာကနေ နှစ်ပုံးထားရှိပြီး တစ်ပုံးက ကိုဗစ် စွန့်ပစ် ပစ္စည်း စွန့်ပစ်ဖို့အတွက် စနစ်တကျထားရှိပေးပါတယ်။ ဒီနှစ်က သူငယ်တန်းကနေ ဆယ်တန်း အထိ တစ်ချိန် ကျောင်းပါပဲ။ နံနက် ၈ နာရီကနေ နေ့လယ် ၂ နာရီ အထိ ကျောင်းတက်ရမှာပါ။ ဒါကပုံမှန် နေ့စဉ်တက်ရမှာပါ။ ကျောင်းသားမိဘတွေကို ပြောချင်တာက အခြား ဘာကိစ္စကိုမှ မစဉ်းစားဘဲ မိမိသား သမီးတွေရဲ့ ပညာရေးကိုပဲ စဉ်းစားပြီးတော့ ကျောင်းလာအပ်နှံစေချင်ပါတယ်" ဟု ဆိုသည်။ ယခုနှစ် ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသားတစ်ဦး က "အခု ကျောင်းရောက်တော့ တစ်နှစ်ကျော်ကွဲကွာခဲ့တဲ့ ဆရာမတွေနဲ့ သူငယ်ချင်း ကျောင်းသား ကျောင်းသူတွေကို ရင်းရင်းနှီးနှီးပြန်တွေ့ရတော့ အတိုင်းမသိဝမ်းသာရပါတယ်။ ကျောင်းမတက်ရတဲ့ တစ်နှစ်ကျော်ကာလအတွင်း ကျောင်းပညာရေးအတွက် ကျောင်းစာတွေကို လေ့လာထားပါတယ်"ဟု ပြောသည်။ ကျောင်းသူတစ်ဦးကလည်း "အခု ကျောင်းပြန်တက်ရတော့ ဝမ်းသာပါတယ်။ သူငယ်ချင်းတွေနဲ့လည်း တွေ့ရတော့ အတိုင်းမသိပါပဲ။ တစ်နှစ်ကျော် ကျောင်းပိတ် ထားတဲ့ ကာလအတွင်း အိမ်မှာ မိဘကို ဝိုင်းကူ လုပ်ပေးပြီး ကျောင်းစာတွေကို လေ့လာ ခဲ့ပါတယ်" ဟု ပြောသည်။ အလားတူ အထက (၂) လသာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းမော်က " ဒီလို ကျောင်းတွေ ဖွင့်ဖို့ အစ်မတို့က မျှော်လင့်နေတာပါ။ မနှစ်က ကိုဗစ်ဖြစ်လို့ ကလေးတွေ အသက်တစ်နှစ်ကြီးခဲ့ပြီ။ သမီးဖြစ်သူကို သူငယ်တန်းကနေ ဆယ်တန်းအထိ ပညာလိုချင် လွန်းလို့ ဒီကျောင်းမှာလာထားတာ ကျောင်း အပ်လက်ခံတဲ့ ၂၄ ရက်နေ့မှာ အပ်ခဲ့တယ်။ ကျောင်းစတက်ရမယ်ဆိုတော့လည်းကနေ့ လာတက်ခဲ့တာ။ ကလေး ရဲ့ကျောင်း ပညာရေး ကိုတော့ ဘယ်လိုနည်းနဲ့မှ အထိခိုက်မခံနိုင်ဘူး။ မိဘ တစ်ယောက် အနေနဲ့ သားသမီးကို ပညာတတ်ဖြစ်စေချင်တယ်။ ပညာရေးသာအဓိကပါပဲ”ဟု ပြောသည်။ အထက (၂) လသာမှ မူလတန်းပြ ဆရာမ ဒေါ် ဟင်္သာဝေ ကလည်း " ကျွန်မ သင်ရမဲ့အတန်း က Grade- 1 ပါ ။ ကျောင်းချိန်က မနက် ၈ နာရီ ကနေ ၁၁ နာရီခွဲ အထိပါ။ ကလေးတွေ ကိုဗစ်-၁၉ စည်းကမ်း နဲ့အညီ ကျောင်းတက်ရမယ်။ မိဘ၊ ဆရာ ၊ ကျောင်းသား တွေ အားလုံးအတွက် ကျောင်းစည်းကမ်းတွေ ပြဌာန်းထားပါတယ်။ အခု သင်ကြားမယ့် သင်ရိုးညွန်း တမ်းက အမျိုးသားပညာရေး ညွန်းတမ်း အတိုင်းပါပဲ။ လူဦးရေ နည်းသေးတဲ့ အတွက် အပတ်စဉ် တက်ရမယ်။ စာသင်ချိန်က တစ်ရက် ၅ ချိန်နဲ့ တစ်ပတ်ကို စာသင်ချိန် ၂၅ ချိန် သင်ပါမယ်။ အရင်ပြဌာန်းထားတဲ့ သင်ရိုးအတိုင်း သင်ကြားပေးသွားမှာပါ" ဟု ပြောသည်။ အထက(၂) လသာ၌ သတ္တမတန်း ပညာသင်ကြားမည့် မဇင်မာမျိုး က "ကျောင်းတွေ ပြန်ဖွင့်လို့ပျော်ပါတယ်။ စာအလွန်သင်ချင်တယ်။ အနာဂတ်မှာ သမီး ဆရာဝန် တစ်ယောက် ဖြစ်ချင်လို့ပါ။ အခုလို ကျောင်းတွေ ပြန်ဖွင့်တော့ စာသင်ရမှာမို့ ဝမ်းသာပါတယ်" ဟု ပြောသည်။ ယနေ့ ဖွင့်လှစ်လိုက်သည့် အခြေခံပညာကျောင်းများနှင့်အတူ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် ၃၇ မြို့နယ်၌ ဘုန်းတော် ကြီးသင်ပညာရေး ကျောင်းများ ဖွင့်လှစ်ထားရှိပြီး မူလတန်းအဆင့် ၁၃၃ ကျောင်း၊ မူလွန် အဆင့် ၈၈ ကျောင်း၊ အလယ်တန်းအဆင့် ၉ ကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကို ဇွန်လ ပထမပတ်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက် ပညာသိပ္ပံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ကျောင်းအုပ်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိက "ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးကိုယ်တိုင် လာလျှောက်ပြီး အစည်းအဝေးခေါ်တယ်။ ဘကကျောင်းတွေကို အကုန်လုံးညွှန်ကြားပြီးဖြစ်ပါတယ်။ ဒီနှစ်လည်း ပညာသင်ကြားရေးကိုဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ကျောင်းဖွင့်ခါစ ကျောင်းသား ဦးရေက ကျောင်းတိုင်း နည်းနည်း အားနည်းပါတယ်။ ဘုန်းဘုန်းတို့ကလည်း ရှိတဲ့ကျောင်း သားနဲ့ပဲ ပညာသင်ကြားရေးကို ဆက်လက် ဆောင်ရွက်သွားမှာပါ။ ပညာသင်ကြားတဲ့ နေရာမှာလည်း ဆရာ ဆရာမတွေအားလုံးကို တိုက်တွန်းနှိုးဆော်ထားတယ်။ ပြန်ဖွင့်တဲ့နေရာ မှာ အခြေခံ ပညာ ကျောင်းများနည်းတူ နိုင်ငံတော်အစိုးရက ပြဌာန်းစာအုပ်တွေရော စာရေးကိရိယာ တွေရော သင်ထောက်ကူပစ္စည်းတွေပါ ထောက်ပံ့ထားတဲ့အပြင် အခု ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအထောက်အပံ့ပစ္စည်းတွေလည်း အားလုံး လက်ခံရ ရှိပြီးဖြစ်ပါ တယ်။ ဒီနှစ်လည်းပဲ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအားလုံးကို ပညာသင်ကြား ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်ကြဖို့ ဘုန်းဘုန်းကိုယ်တိုင် တိုက်တွန်း ခဲ့ပြီးဖြစ်ပါတယ်။ “ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်ကျောင်းကိုယ်ဆောက်၊ ကိုယ့်စာ ကိုယ်သင် စနစ်နဲ့သွားတာဖြစ်ပါတယ်။ စေတနာရှင် အလှူရှင် အနီးအဝေးတွေရဲ့ ပံ့ပိုးမှု၊ နိုင်ငံတော်က ကူညီထောက်ပံ့မှုတွေကြောင့် ဒီနေ့ ယခင် ထက်စာရင် ပိုမို ပြည့်စုံသင့်သလောက် ပြည့်စုံနေပါပြီ။ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း များရဲ့ အဓိက လိုအပ်ချက်က နိုင်ငံတော်အစိုးရက ဆက်လက် အားပေးဖို့ဖြစ်ပါတယ်။ အစိုးရ အခြေခံကျောင်းများနည်းတူ ပြဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ သင်ထောက်ကူ ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးအထောက်အကူရတဲ့ပစ္စည်းများ၊ ဒါတွေ လည်းလိုအပ်ပါတယ်။ ဒီရပ်ကွက် အနီးနားမှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပညာမသင် ကြားနိုင်တဲ့ ကလေးတွေကိုလည်း ပြုစုစောင့်ရှောက်ပေးနေ ပါတယ်။ ဆရာ ဆရာမ ၁၀ ဦး ရှိပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ပညာရေးကို တကယ်မြှင့်တင်ပေးနေပါတယ်။ ကလေးတွေကို ယဉ်ကျေးလိမ္မာအောင် သင်ကြားပေးနေပါတယ်။ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက စောင့်ရှောက်ပေးနေပါတယ်။ ရှေးအစဉ် အလာသမိုင်းကြောင်းကို ဆက်လက်ထိန်းသိမ်းနေပါတယ်။ ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ် သိအောင် ကလေးဘဝကစပြီး လူကြီးဘဝရောက်တဲ့ထိအောင် အလင်းဓာတ်တွေ ပေးနေပါတယ်။ တိုင်းပြည်ရဲ့ သားကောင်း သမီးမွန်များ မွေးထုတ် ပေးနေပါတယ်။ ပညာတတ် လူမျိုးတွေ တိုးပွားပေးနေပါတယ်။ ပညာရေးလုပ်ငန်းတွေနဲ့ ဆက်လက် ကူညီပေး နေပါတယ်" ဟု မိန့်ကြား သည်။ ပညာသိပ္ပံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ တာဝန်ခံ ဒေါ်နီနီထွန်း က "ဒီနှစ် နှစ်စ မှာ ကျောင်းသား ဦးရေ နည်းပါတယ်။ နှစ်စဉ် ကျောင်းသားဦးရေ ၄၀၀ ကျော်ရှိတယ်။ ဆရာ ဆရာမ ၁၀ ဦးနဲ့ ကျောင်းကို ဖွဲ့စည်းထားပါတယ်။ သူငယ်တန်းကနေ သတ္တမတန်း အထိ ကျောင်းသားကျောင်းသူအားလုံးကို အစိုးရ ပြဌာန်းစာအုပ်နဲ့အညီ သင်ကြားပေးပါတယ်။ နယ်စပ်တောင်တန်းဒေသ ကလေး ၁၁၀ ကို ကျောင်းအိပ် ကျောင်းစားအဖြစ် လက်ခံထားပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကို ထောက်ပံ့ကူညီပေးပါ တယ်။ အခုပညာသင် နှစ်မှာ ၂၆ ရက် နေ့ကစပြီး ယနေ့အထိ လက်ခံတာ ကျောင်းသား ၁၀၀ ကျော် ရှိပါပြီ။ အရင် တုန်းက ကျွန်မတို့ ကျောင်းက တစ်ချိန်ကျောင်းဖြစ်ပါတယ်။ အခု ကိုဗစ် စည်းကမ်းနဲ့ အညီ နှစ်ချိန်တက် ကျောင်းအဖြစ် ဖွင့်လှစ်မှာဖြစ်ပါတယ်။ အရင်တုန်းက စာသင်ခန်းမှာ ကျောင်းသား ၄၀ ကျော် ၊ ၅၀ ရှိပါတယ်။ အခုဆိုရင် တစ်ခန်းကို ၂၄ ယောက်နှုန်းနဲ့စီ ထားပါတယ်။ ပြဌာန်းစာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနဲ့ အခြား ထောက်ပံ့ပစ္စည်းတွေကို အစိုးရ ကျောင်းများနည်းတူ ပံ့ပိုးပေးထားပါတယ်။ ကလေးတွေအတွက် လိုအပ်တာမှန်သမျှကို ကျောင်းက ဘုန်းဘုန်းက ဆက်လက်ပြီး ပံ့ပိုးပေးပါတယ်"ဟု ပြောသည်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း အခြေခံပညာဦးစီးဌာန အောက်ရှိ ထက်/လယ်/မူ ကျောင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၁ ခုနစ် မေ ၂၄ ရက်မှ ၃၁ ရက်အထိ သတ်မှတ် ဆောင်ရွက်ခဲ့ရာ၂၀၂၁ ခုနှစ် မေ ၂၄ ရက် မှ ဇွန် ၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ဦးရေ ၃၅၅၇၇၁ ဦး ကျောင်းအပ်ခံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ၄ ကျောင်း အပါအဝင် အခြေခံပညာကျောင်း ၂၇၅၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း ၂၃၀ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၇၃ ကျောင်း ရှိကြောင်း သိရှိ ရသည်။ (သတင်းစဉ်)