ဇွန်လဆန်းဆိုတာ အစဉ်အဆက် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကလေးတွေဟာ မိုးဦးကျ ဇွန်လဆန်းမှာ စာသင်ကျောင်းတွေ ဖွင့်တော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ပျော်ခဲ့ကြရသလို မိဘတွေကလည်း မိမိတို့သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ကျောင်းတော်ကြီးကို ပို့နိုင်ကြဖို့ ပံ့ပိုးပေးကြနဲ့၊ စိတ်ကူးသစ်တွေနဲ့ လတစ်လဖြစ်ပါတယ်။ အခုလို အခမဲ့ပညာရေးစနစ်ကြီးနဲ့ ကျောင်းတက်ဖို့ ငွေကုန်ကြေးကျမရှိတဲ့အချိန်မျိုးဆိုရင် မိဘတွေအတွက် အထိုက်အလျောက် အသက်ရှူ ချောင်ပြီး ကိုယ့်သားသမီးတွေ ပညာသင်ကြရဖို့ ဝမ်းသာလေ့ရှိကြရတဲ့ကာလပဲ ဖြစ်ပါတယ်။
စာရေးသူကိုယ်တိုင်လည်း ကျောင်းအပ်နှံရေးရက်သတ္တပတ်မှာ ကလေးတွေကို စာသင်ကျောင်း ဆီ အရောက်သွားပြီး ကျောင်းအပ်ခဲ့ပါတယ်။ များပြားလှတဲ့ ကလေးမိဘတွေနဲ့ အဖြူ အစိမ်းလေးတွေ ဝတ်ဆင်ထားကြတဲ့ ကျောင်းသူကျောင်းသား ကလေးတွေကို ကြည့်ရင်း ဖြူစင်တဲ့ကလေးတွေ အေးအေးချမ်းချမ်း ပညာသင်ကြား ခွင့်ရတယ်ဆိုတာ နိုင်ငံအတွက် အကောင်းဆုံးဆုလာဘ်ကြီးရယ်လို့ အတွေးဖြစ်မိပါတယ်။
ကျောင်းအပ်နှံဖို့အတွက် ပိုက်ဆံတစ်ကျပ်မျှ ကုန်စရာမလိုဘူး။ ပြဋ္ဌာန်းစာအုပ် အခမဲ့၊ ဗလာစာအုပ်အခမဲ့နဲ့ ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းလေးတွေကိုကြည့်ရင်း နိုင်ငံတော်ရဲ့ စေတနာကို အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ပါဘူး။ မိမိတို့ သားသမီးတွေ လွယ်လွယ်ကူကူ ပညာသင်ကြားခွင့်၊ လုံခြုံစွာနဲ့ ပညာသင်ကြား ခွင့်တွေအတွက် ဖြည့်ဆည်းပေးနေတဲ့ ဆရာ ဆရာမတွေရဲ့ ကျေးဇူးတရားကို မျက်နှာလွှဲမနေနိုင်ခဲ့ပါဘူး။ သို့သော် လက်ရှိမြန်မာနိုင်ငံ တစ်ဝန်းလုံး အနေအထားမှာတော့ စာသင်ကျောင်းတွေမှာ ဗုံးကွဲတာ၊ မိုင်းထောင်တာတွေ အပြင် ထိခိုက်အောင် လုပ်ဆောင်နေကြပြီး ကလေးတွေ ကျောင်းမတက်ဖို့ မိုက်မိုက်ကန်းကန်း ဆောင်ရွက်နေကြတာတွေဟာ အနိဋ္ဌာရုံတွေပဲလို့ တိုင်းပြည်အတွက်၊ ကလေးတွေ အနာဂတ် အတွက် ရင်နာမိပါတယ်။
တောပန်းကလေးများပွင့်ကြဖို့
စာသင်ကျောင်းတစ်ကျောင်းဖြစ်လာဖို့ မြို့ကြီးတွေပေါ်မှာထက် ကျေးလက်ဒေသတွေမှာ ပိုမိုခက်ခဲပါတယ်။ ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်တွေရဲ့ အခက်အခဲကို ပြီးခဲ့တဲ့ရက်က ဖတ်ရှုကြည့်ရတဲ့အခါ ပိုမိုပြီးခံစားမိလာရပါတယ်။ မိမိတို့နေထိုင်ရာ ကျေးရွာမှာ စာသင် ကျောင်းလေး ဖြစ်လာအောင် ကော်မတီဝင်တွေ စာရွက် စာတမ်း တစ်ပွေ့တစ်ပိုက်နဲ့ မြို့ပေါ်ကို အခေါက်ခေါက်အလီလီတက်ပြီး တင်ပြကြရပါတယ်။ ရုံးဌာန ပုံစံတွေအရစာတစ်စောင် ရေးသားရတယ်ဆိုတာ လွယ်ကူရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီကုန်ကျ စရိတ်ကတင် ကျောင်းပုံမဆွဲရသေးခင်မှာတောင် ဘိလပ်မြေအိတ် ၁၀၀ စာလောက် ကုန်ကျနိုင်ပါသေးတယ်။ အစိုးရက ချထားပေးတဲ့ ဘတ်ဂျက်ငွေဟာ ကျောင်းတစ်ကျောင်း လုံလုံလောက်လောက်နဲ့ ပြည့်ပြည့်စုံစုံ ဖြစ်ဖို့အတွက်တော့ လိုအပ်ချက်တွေ ရှိနေနိုင်ပါသေးတယ်။ ဒီတော့ ရွာကျောင်းလေး တစ်ကျောင်းဖြစ်လာဖို့ သီးနှံပေါ်ချိန်၊ စပါးပေါ်ချိန်တွေမှာ ဒေသခံတွေရဲ့ ချွေးနဲ့သွေးနဲ့ရရှိလာတဲ့ ငွေတွေကနေ အလှူခံပြီး အနှစ်နှစ်အလလ စုဆောင်း တည်ဆောက် ခဲ့ကြရတဲ့ ကျောင်းတွေဖြစ်ပါတယ်။
စာသင်ကျောင်းတည်ဆောက်ပြီးရုံနဲ့လည်း မပြီးသေးပါဘူး။ မိမိတို့ရွာက ရင်သွေးတွေအတွက် အသင်အပြကောင်းပြီး စေတနာ ထက်သန်တဲ့ ဆရာ ဆရာမ ရရှိဖို့ကြိုးစားကြရတာလည်း လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ဆရာမြဲဖို့အတွက် ဆရာ ဆရာမတွေရဲ့ နေရေး၊ စာရေးကိုလည်း ဒေသခံတွေကပဲ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရတာပဲဆိုတာ စာသင်ကျောင်းလေးတွေရှိတဲ့ ကျေးရွာတိုင်း သိရှိကြမှာပါ။
ဆရာ ဆရာမတွေ ရလာပြန်တော့လည်း မိမိတို့ရင်သွေးတွေ စနစ်တကျနဲ့ ပညာသင်ယူ နိုင်အောင် ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရလာအောင်နဲ့ ကလေးတိုင်းပညာ သင်ယူနိုင်အောင် ကျောင်းကော်မတီတွေက ကြိုးစားကြရတာပါ။ ဒါတင်မကသေးပါဘူး။ ကျောင်းပတ်ဝန်းကျင် သာယာအောင်နဲ့ လုံခြုံမှုရှိအောင် လိုအပ်တဲ့ အုတ်တံတိုင်းတွေ ကာရံတာ၊ လျှပ်စစ်မီးရရှိအောင် ကြိုးပမ်းတာ၊ သောက်သုံးရေဖူလုံအောင် ကြိုးပမ်းတာ၊ အိမ်သာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး တို့အတွက် ပြင်ဆင်တာမျိုးတွေကိုလည်း ကျေးရွာဒေသခံတွေက တစ်တပ်တစ်အား စုပေါင်းဖြည့်ဆည်း ခဲ့ကြရတာပါ။
လက်ရှိအခြေအနေ
လက်ရှိအခြေအနေမှာတော့ ကျောင်းသား ကျောင်းသူတွေ ကျောင်းမတက်နိုင်အောင် အမျိုးမျိုးလှုံ့ဆော်နေကြတာကို မြင်တွေ့ရမှာပါ။ အပြစ်မဲ့တဲ့ကလေးတွေ စာမသင်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗုံးတွေ့ခွဲတာ၊ မိုင်းတွေထောင်တာတွေ ပြုလုပ်လာကြပါတယ်။ မငြိမ်သက်တဲ့အခါ၊ မအေးချမ်းတဲ့အခါမိဘတွေက မိမိသားသမီးတွေကို ကျောင်းပို့ဖို့ ခက်ခဲနေကြရပါတယ်။ ဒါတင်မကသေးပါဘူး။ ရပ်ရွာတွေထဲမှာ ကျောင်းသွားအပ်တဲ့ ကျောင်းသားမိဘတွေရဲ့ စာရင်းကို ကောက်ခံနေတယ်ဆိုတဲ့ အဓမ္မအသံတွေလည်း ကြားတွေ့နေရပါတယ်။ “အပ်ရဲရင် အပ်ကြည့်ပါ” ဆိုတဲ့ အသံတွေ လှိုင်လှိုင်ကြားနေ ကြရပါတယ်။ မြို့ကြီးတွေမှာရှိတဲ့ မိမိတို့ ဆွေမျိုးသားချင်းတွေကလည်း ကလေးတွေ ကျောင်းအပ်ချင်ပေမယ့် သွားမအပ် ရဲကြတော့ဘူး။
ကျောင်းအပ်ရင် ကလေးတွေ ထိခိုက်ကုန်မယ်ဆိုတဲ့အပြောကို ကြောက်နေကြရပါတယ်။ ကျောင်းထားတဲ့မိသားစုကို ရပ်ကွက်က နှိပ်စက်ကလူပြုမှာကို ကြောက်နေကြ ရပါတယ်။
စာရေးသူတို့မိတ်ဆွေအပေါင်းအသင်းတွေ သူတို့သားသမီးတွေကို ကျောင်းအပ်ချင်ပေမယ့် ရပ်ကွက်ထဲမှာ ဒလန်ဆိုပြီး နှိပ်စက်ခံရမှာကြောက်လို့ ကျောင်းမအပ်ရဲကြသူတွေ အများကြီး ရှိပါတယ်။ အဲဒီလိုပဲ စာရေးသူမိတ်ဆွေ ဆရာ ဆရာမတွေ ကျေးလက်မှာ တာဝန်ထမ်း ဆောင်နေကြသူတွေထဲမှာ ကျေးရွာကဘာလုံခြုံမှုမှ မပေးနိုင်ဘူးနော်၊ ဆရာမတွေ အမြန်ဆုံး CDM လုပ်ပါဆိုပြီး ဖိအားပေးတာမျိုးကိုလည်း စိတ်မသက်သာဖွယ် ကြားသိရပါတယ်။ ။
နယ်ဝေးမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ဆရာ ဆရာမတွေဟာ အိမ်နဲ့ အဝေးကြီးမှာ တာဝန်ကျတဲ့အရပ်က ဒေသခံတွေကိုပဲ ဆွေမျိုးသဖွယ် ပတ်သက်ဆက်နွယ်နေကြရတဲ့အခါ အခုလိုသဘော ထားကွဲလွဲမှုတွေကြောင့် သူတို့တာဝန်ကျတဲ့ ကျေးရွာတွေကို စွန့်ခွာ လာကြတာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အနှစ်နှစ်အလလ က ဖော်ဆောင်ခဲ့ကြတဲ့ ကျေးရွာစာသင်ကျောင်းလေး အနာဂတ်မဲ့ သွားတာပဲ ဖြစ်ပါတယ်။ ။
ပြင်းပြင်းထန်ထန်အရေးယူပါ
စာသင်ကျောင်း အုတ်နံရံကို ဗုံးခွဲသတဲ့။ ကလေးတွေ ကျောင်းမတက်ရအောင် အမျိုးမျိုးတားဆီး နေကြသတဲ့။ ဒါဟာ အဓမ္မလုပ်ရပ်၊ အကြမ်းဖက်တဲ့လုပ်ရပ်၊ လူမဆန်တဲ့လုပ်ရပ်ဆိုတာကို ဘာကြောင့်များ မျက်ကွယ်ပြုနေကြပါသလဲလို့ အကြမ်းဖက်သူတွေကို မေးခွန်း ထုတ်လိုပါတယ်၊ ပြည်သူတွေအနေနဲ့ မတရားမှုကို တွန်းလှန်ကြပါလို့ ဆိုရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေ၊ တိုင်းပြည်ရဲ့ ရင်သွေးတွေ ပညာသင်ချိန်မှာ ပညာမသင်နိုင်အောင် လုပ်ဆောင်နေတာတွေကို တွန်းလှန်ပစ်ရမှာ မဟုတ်ပါလား။ အကြမ်းဖက်မှုကို လူတိုင်း ကြောက်ရွံ့ပါတယ်၊ ရွံရှာကြလေ့ရှိပါတယ်။ သို့သော်လည်း လက်မခံဘဲ အမှန်တရားကို မြင်အောင်ကြည့်ကြဖို့ လိုအပ်ပါတယ်။ ။
နိုင်ငံတော်အနေနဲ့လည်း လုံခြုံရေးကို အပြည့်အဝတာဝန်ယူနိုင်ဖို့၊ ကလေးတွေကို ကျောင်းတွေ ဆီ လုံခြုံစွာ ပို့ဆောင်ပေးနိုင်ဖို့အတွက် အစီအမံတွေကို စီမံဆောင်ရွက်ပေးသွားမယ်၊ စီမံဆောင်ရွက် ပေးထားတယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြားသိရတဲ့ အတွက် အားတက်မိပါတယ်။ အထူးသဖြင့်တော့ ကျွန်မတို့ရင်သွေးလေးတွေရဲ့ အနာဂတ်ကို ချိုးဖဲ့ဖျက်ဆီး လိုသူတွေ၊ ကျောင်းမတက်ကြဖို့ လှုံ့ဆော်တဲ့သူတွေ၊ ကျောင်းတက်မယ့် ကလေးတွေကို ထိခိုက်အောင် ဗုံးထောင်မိုင်းခွဲသူတွေနဲ့ ကျောင်းပို့မယ့်မိသားစုတွေကို ခြိမ်းခြောက် အကျပ်ကိုင်တဲ့သူတွေအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူတာ၊ ဇော်ထုတ်အပြစ် ပေးတာတွေ လုပ်ဆောင်ပေးပါလို့ တင်ပြတောင်းဆိုပါရစေ။
ထို့အတူ ပြည်သူတွေ အားလုံးကလည်း ကလေးတွေအနာဂတ်ကို ရိုက်ချိုးမယ့် အစွန်းရောက် အကြမ်းဖက်သူတွေကို ဖော်ထုတ်ပေးပါ။ မိမိတို့ကလေးတွေ ကျောင်းတက်ဖို့အရေးကို နှောင့်ယှက်ဟန့်တား သူတွေကိုလည်း သက်ဆိုင်ရာကို အမြန်ဆုံးသတင်းပို့ခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ရင်း ကလေးတွေကို ကျောင်းပို့နိုင်ဖို့ မိမိတတ်နိုင်တဲ့ဘက်က ပူးပေါင်းပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။ ။
နေခြည်သွေး