အဂတိလိုက်စားမှုသည် လူ့သမိုင်းအစမှ မျက်မှောက်ခေတ်ကာလအထိ လူ့အဖွဲ့အစည်းများ အတွင်း စွဲမြဲစွာလှိုက်စားလျက်ရှိပြီး ၎င်း၏အကျိုးဆက်များမှာလည်း ကျယ်ပြန့်လှသည်။ အဂတိ လိုက်စားမှုအပေါ် ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်များမှာလည်း အမျိုးမျိုးရှိနေကြပြီး အနှစ်သဘောအားဖြင့်မူ ကျင့်ဝတ်ပျက်ပြား ခြင်းပင်ဖြစ်သည်။
အဂတိလိုက်စားမှုဟူသည် အများပြည်သူဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းဟူ၍ သာမန်အားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ လုံလောက်ခြင်းမရှိ။ ရိုးသားမှု ပျောက်ဆုံး ခြင်း၊ အမှန်တရားမှ သွေဖည်ခြင်း၊ ယိုယွင်းပျက်စီးခြင်း၊ မရိုးမဖြောင့်ခြင်း၊ ဖုံးကွယ်ထားခြင်း၊ ပုပ်သိုးဆွေးမြည့်ခြင်း စသည့် အနက်အဓိပ္ပာယ်များကိုပါ ပေါင်းစပ် ထည့်သွင်းရန် လိုအပ်သည်ဟု ဆိုကြသည်။ အဂတိလိုက်စားမှုကြောင့် အစိုးရနှင့်ဈေးကွက်များ အပေါ်ပြည်သူ၏ယုံကြည်မှုကို ပျက်စီးစေသည်။ နိုင်ငံ၏နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို လျော့နည်းစေသည်။ နိုင်ငံရေးနှင့် စီးပွားရေးစနစ်တို့၏ ဖြောင့်မတ်တည်ကြည်မှုကိုလည်း လျော့ ပါးစေသည်။ ဆင်းရဲနွမ်းပါးမှုကို မြင့်တက်စေပြီး လူ့အခွင့်အရေးကို လျော့ကျစေသည်။ လူတို့၏ တွေးခေါ်မှုများကို မမှန်မကန် ဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု | ပြောင်းလဲမှုဆိုင်ရာ မူဝါဒများကို ထိပါးစေပြီး လူ့အဖွဲ့ အစည်းအတွင်း မညီမျှမှုကို လွန်လွန်ကဲကဲ ဖြစ်ပေါ်စေသည်။ အဂတိလိုက်စားမှု၏ အကျိုးသက်ရောက်မှုမှာ ကြီးမား ကျယ်ပြန့်လွန်း လှသဖြင့် နိုင်ငံတိုင်း၊ လူမျိုးတိုင်းက အကြီးမားဆုံးသောစိန်ခေါ်မှုအဖြစ် သတ်မှတ်ထားကြသည်။
အဂတိလိုက်စားမှုများကြောင့် နိုင်ငံ၏ အသားတင်ကုန်ထုတ် လုပ်မှုတန်ဖိုး (GDP) ဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှု လျော့နည်းရသည်။ ကန်ထရိုက် စာချုပ်များတွင်လည်း အဂတိ လိုက်စားမှုကြောင့် မျှတသောယှဉ်ပြိုင်မှုကို ထိခိုက်စေပြီး အရည်အသွေးရှိသည့် ပုဂ္ဂိုလ်နှင့် လုပ်ငန်းများ ပြိုလဲသွားနိုင်သည်။ တစ်ဆက်တည်းမှာပင် အရည်အသွေးညံ့ဖျင်းသည့် စီးပွားရေး များဖြစ်ပေါ်လာစေပြီး ဖွံ့ဖြိုးမှုနောက်ကျစေမည်ဖြစ်သည်။ နိုင်ငံ အဆင့် အာတိလိုက်စားမှုတွင် နိုင်ငံအတွက် အခွန်ဘဏ္ဍာငွေများ ကို အဆင့်မြင့်အရာရှိက လာဘ်အဖြစ် ရယူသွားခြင်းကြောင့် နိုင်ငံဝင်ငွေနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည်။လမ်း၊ တံတားများအပါအဝင် အခြေခံ အဆောက်အအုံများ ဆောက်လုပ်မှုတွင် အရည်အသွေးညံ့ဖျင်းမှုများမှာ ဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ် လာသည်။ နိုင်ငံအဆင့်အဂတိလိုက်စားမှုများ ကျယ်ပြန့်လာ မည်ဆိုပါက နိုင်ငံသားများ ၏ အကျိုးစီးပွားအပေါ် ခြိမ်းခြောက်လာမည်ဖြစ်ပြီး နိုင်ငံသားများ အတွင်း၌လည်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာစေနိုင်သည်။ နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး ပဋိပက္ခများ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာသည် အထိ ဦးတည်သွားနိုင်သည်။
အုပ်ချုပ်ရေးစနစ် ကောင်းမွန်ခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည်။ အဂတိလိုက်စားမှုများကို ထိရောက် စွာကိုင်တွယ်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် ဖြောင့်မတ်တည်ကြည်မှု ရှိခြင်း၊ အများပြည်သူဆိုင်ရာ ကဏ္ဍတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်း၊ ထိရောက်အကျိုးရှိသည့် လုပ်ငန်းများအား အကောင် အထည်ဖော်ခြင်း၊ တရားဥပဒေ စိုးမိုးမှုခိုင်မာခြင်းတို့ဖြင့် ကောင်း မွန်သောအုပ်ချုပ်ရေးစနစ်ကိုမြှင့်တင်ကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးသို့ ရှေးရှုနိုင်မည်ဖြစ်ပါကြောင်း။ ။