Skip to main content

ကျောင်းဖွင့်ချိန်မှာ လိုက်နာဆောင်ရွက် အချက် (၆) ချက်

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်း အပ်နှံရေး ရက်သတ္တပတ်အတွင်း မြို့ အသီးသီး၊ နယ်အသီးသီးတို့၌ ကျောင်းသူ ကျောင်းသားများကို ကျောင်းအပ်နှံ နေကြပြီဖြစ်သည်။ ပြီးခဲ့သည့် စာသင်နှစ်တစ်နှစ်လုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကျောင်းများပြန်မဖွင့်နိုင်သည့်အတွက် ကျောင်းသူကျောင်းသားများ တစ်နှစ်စာ ပညာရေး ဆုံးရှုံးကြရသည်။ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးဆုံးရှုံးမှုသည် တစ်နှစ်ပြီးတစ်နှစ် နှစ်များစွာကြာမြင့်မည်ဆိုပါက တစ်ဦးချင်းစီ၏ဘဝတို့တွင် ထိခိုက်နစ်နာမှုများ ကြီးမားစေနိုင်သည့် အလျောက် ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းမှာ ကြိုဆို ရမည့်အရာ ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အိမ်နီးချင်းနိုင်ငံ အချို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ပိုမိုမြန်ဆန်စွာဖြင့် အရှိန်မြင့်လာသည့်သတင်း ဗိုင်းရပ်စ်ပိုးဗီဇမျိုးကွဲ ပေါ်ထွက်လာရာတွင် မူလဗိုင်းရပ်စ်ထက် ပိုမိုပြင်းထန်ပြီး ပို၍မြန်မြန်ဆန်ဆန် ကူးစက်နိုင်သည့် သတင်းများမှာ သတင်း ဆိုးများအဖြစ် ပေါ်ထွက်လာသလို ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၌ ပြည်တွင်း ရောဂါ ကူးစက်မှု ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိသည့်ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာသည်ကို သတိထားမိသည်။ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု ပိုမိုလွှမ်းခြုံ လာခြင်းနှင့်အတူ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးဆိုင်ရာ လိုက်နာမှု အလေ့အကျင့်များ လည်း လွန်စွာလျော့နည်းလာသည်ကို တွေ့ရသည်။ ယင်းအခြေအနေများက အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ ပြန်ဖွင့်သည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်ကို ဖိတ်ခေါ်နေသည့်သဖွယ်ဖြစ်သည်။

ယခုအခါ အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင်ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဆရာများ အထူးသတိပြုလိုက်နာရမည့် အချက်(၆)ချက်ကို မီဒီယာများမှတစ်ဆင့် အသိပညာပေး လျက်ရှိရာ အမှန်တကယ်လိုက်နာဆောင်ရွက်ရေးအတွက် ယခုထက်ပို၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်မည်ဟူ၍ ယူဆမိသည်။

ကျောင်းသူ ကျောင်းသား သို့မဟုတ် ၎င်း၏အတူနေ မိသားစုဝင် တစ်ဦးဦးတွင် ကိုဗစ်-၁၉ သံသယ အခြေအနေဖြစ်ပေါ်နေပါက ကျောင်းသို့မလွှတ်ရန်နှင့် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး အကြောင်းကြားရန်၊ ကျောင်းသွား ကျောင်းပြန်လမ်းတစ်လျှောက်နှင့် ကျောင်းတွင်ရှိနေစဉ် တစ်လျှောက်လုံး ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ စနစ်တကျတပ်ဆင်ရန် (မတပ်ဆင်ပါက ကျောင်းတွင်းသို့ ပေးမဝင်ရန်)၊ စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ စသည့် အသုံး အဆောင်များ မျှဝေသုံးစွဲခြင်းမပြုရန်၊ လက်ကို စနစ်တကျဆေးရန်၊ တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေကွာ ခပ်ခွာခွာထိုင်ရန်၊ နှာချေချောင်းဆိုးတိုင်းတစ်သျှူး သို့မဟုတ် တံတောင်ဆစ်ကွေးဖြင့် ပါးစပ်နှင့်နှာခေါင်းတို့ကို ဖုံးအုပ်ရန်၊ တစ်သျှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန်၊ ပြီးလျှင် လက်ကိုစနစ်တကျဆေးရန်ဟူသော အချက်(၆)ချက်မှာ အလေ့အကျင့်စွဲမြဲစေရန် လေ့ကျင့်ပေးရ မည့် သဘော၊ အမှိုက်ပုံး၊ ဆပ်ပြာ၊ ရေစသည်တို့ကိုကျောင်းသူကျောင်းသားများ အလွယ်တကူ အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ထားရမည့်သဘော၊ မိဘ ဆရာ ကျောင်းသား သုံးဦးသုံးဖလှယ် နားလည်မှုရှိစွာ ပူးပေါင်း ဆောင်ရွက်ကြရမည့်သဘောတို့ကို တွေ့ရှိရသည်။

ကိုဗစ်-၁၉ကပ်ရောဂါ၏အခြေအနေမှာ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုပြီးစီးသည့်အချိန်မှာပင် နောက်ထပ်နှစ်နှင့်ချီ၍ ဆက်လက်တည်ရှိနေမည်ဖြစ်ခြင်းကြောင့် ကာကွယ်ဆေးထိုးပြီးသူများအပါ အဝင် လူတိုင်းက ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မပျက်မကွက် လိုက်နာ ကြရန် နှိုးဆော်ထားသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကလေးများ ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ခြင်းနှင့်အတူကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ် တားဆီးရေး ကိုလည်း ကြပ်ကြပ်မတ်မတ် ထိထိရောက်ရောက်ပူးပေါင်း ဆောင်ရွက်ကြစေရေး တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ ။